ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို နိုဝင်ဘာ ၂၂ ရက် ညမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာန က ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင်လူဝင်ကြီးကြပ်ရေးအရာရှိတွေနဲ့ မှုခင်းနှိမ်နင်းရေးရဲတွေက မဲဆောက်မြို့အတွင်း ကင်းလှည့်နေစဉ် ည ၈ နာရီခွဲလောက် ဘန်ဟွေးမှုးကျေးရွာ အ.ထ.က ၂ ကျောင်းနားမှာ မသင်္ကာစရာ မြန်မာနိုင်ငံသား ၇ ဦးကို တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမေးမြန်းခဲ့ပါတယ်။
စစ်ဆေးအချက် မြန်မာနိုင်ငံသား ၇ ဦးဟာ မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက် ဝင်ရောက်စဉ် ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ ၇ ဦးစလုံး တရားဝင်အထောက်အထား စာရွက်စာတမ်းမပါရှိဘူးလို့ တာ့ခ်ခရိုင်လူဝင်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို နိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှု ပုဒ်မ ၂၂ အရ တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနမှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာခဲ့ပြီး ၂ လအတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
Photo - Tak Immigration