မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေကျင် မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်း ဆရာတော်၊ ရွှေကျင်နိကာယ တွဲဖက်သာသနာပိုင် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသဟာ နိုဝင်ဘာ ၁၉ ရက်၊ မနက် ၉ နာရီ ၃၃ မိနစ်မှာ ပျံလွန်တော်မူသွားတယ်လို့ ရွှေကျင်နိကာယ ဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်က သတင်းထုတ်ပြန်ပါတယ်။
စည်ရှင်ဆရာတော်ကို မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၃ ရက်မှာ ဖွာမြင်ခဲ့တာကြောင့် ပျံလွန်တော်မူချိန်မှာ သက်တော် ၈၅ နှစ်၊ ဝါတော် ၆၆ ဝါ ရှိပြီဖြစ်ပါတယ်။
ဆရာတော်ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံမှာ ဆေးကုသမှုသွားရောက်ခံယူခဲ့ပြီး ပြန်ကျန်းမာလာလို့ မြန်မာနိုင်ငံကို ပြန်လည်ကြွရောက်ခဲ့ပြီး ၁ နှစ်ဝန်းကျင်လောက်မှာ ပျံလွန်တော်မူတာ ဖြစ်ပါတယ်။
စည်ရှင်ဆရာတော်ဟာ အကြိမ် ၂၀ မြောက် ရွှေကျင်နိကာယ သံဃအစည်းအဝေး အပြီးမှာ ပါချုပ်ဆရာတော်နဲ့ အတူ ရွှေကျင်ဂိုဏ်းရဲ့ တွဲဖက်သာသနာပိုင် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
၂၀၂၀ ခုနှစ် NLD အစိုးရလက်ထက်မှာ သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်တဲ့ ‘အဘိဓဇရဌမဟာဂုရု’ ဘွဲ့တံဆိပ်ကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီး ၁ လအကြာ မတ်လမှာ စစ်ခေါင်းဆောင်ဆီကိုသွားပြီး လက်နက်မဲ့ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းတာ မလုပ်ဖို့နဲ့ ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေကို လုယက်ဖျက်ဆီးတာမလုပ်ဖို့ စတဲ့ အချက်တွေပါဝင်တဲ့ မေတ္တာရပ်ခံစာ ပေးပို့ရာမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တပါးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာနောက်ဆုံးအပတ်ကလည်း ဝေဠုဝန်နိကာယဂိုဏ်းရဲ့ ၁၄ ပါးမြောက် သာသနာပိုင် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပါသေးတယ်။
စည်ရှင်ကျောင်းဆရာတော်ရဲ့ စျာပနအစီအစဉ်ကို သီးခြား ပြန်လည်ကြေညာပေးမယ်လို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် က အသိပေးထားပါတယ်။