အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ကျင်းပတဲ့ အကြိမ် ၃၀ မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) အေပက်ခ်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၇ ရက်က အမေရိကန်ဟာ အေပက်ခ်ဖိုရမ်ရဲ့ ဥက္ကဋ္ဌနေရာကို ပီရူးနိုင်ငံကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒန်ဟာ တရုတ်နဲ့ တခြားပစိဖိတ်နိုင်ငံတွေနဲ့ ၄ ရက်ကြာ သံတမန်ရေး တွန်းအားပေးမှုကို အဆုံးသတ်လိုက်ပြီး အေပက်ခ်ရဲ့ တနှစ်တာ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ပီရူးသမ္မတ ဒီနာ ဘိုလွာတေးကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ ဆန်ဖရန်စစ္စကိုမြို့လယ်ရှိ Moscone စင်တာမှာ ကျင်းပတဲ့ ခေါင်းဆောင်များ အစည်းအဝေးတွင် အေပက်အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံမှ နိုင်ငံရေးနဲ့ စီးပွားရေးခေါင်းဆောင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။
ဘိုင်ဒန်ဟာ နိုဝင်ဘာ ၁၅ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှာ အမေရိကန်နဲ့ တခြား ပစိဖိတ်နိုင်ငံတို့ကြား ခိုင်မာတဲ့ စီးပွားရေးဆက်ဆံမှုကို မီးမောင်းထိုးပြ ခဲ့ပါတယ်။
ပီရူးသမ္မတ ဘိုလွာတေးက နှစ်ပေါင်းများစွာ APEC က လုပ်ဆောင်ခဲ့တဲ့အရာတွေကို ၂၀၂၄ ခုနှစ်မှာ ပီရူးနိုင်ငံက ဆက်လက် တည်ဆောက်နိုင်မှာပါ လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်နှစ် ပီရူးနိုင်ငံ လီမာမြို့မှာ ကျင်းပမယ့် အေပက် အစည်းအဝေးကိုလည်း တရုတ်နိုင်ငံ တက်ရောက်ဖို့ မျှော်လင့်ကြောင်းလည်း ဘိုလွာတေးက တရုတ် ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြားကွန်ရက် (CGTN) နဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters