ရခိုင်ပြည်နယ် မြောက်ဘက်အစွန်ဆုံး မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်မှာ နိုဝင်ဘာ ၁၇ ရက် ဒီနေ့ မွန်းတည့် ၁ နာရီကျော်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အောင်သပြေကျေးရွာသားတဦးက “ဒီနေ့ နေ့လယ်မှာ စပြီးတိုက်နေကြတာ။ ဗန္ဓုလစခန်းနဲ့ အောင်သပြေစခန်းတွေကို တိုက်နေကြတာ။ အောင်သပြေရွာကို အောင်သပြေ နယ်ခြားစောင့်စခန်းက လှမ်းပစ်နေတာ။ တရွာလုံး ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။
အောင်သပြေကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ခန့်ရှိပြီး အိမ်ခြေ ၆၀ ကျော် လူဦးရေ ၅၀၀ ခန့်ရှိတဲ့ ဗန္ဓုလကျေးရွာသားတွေပါ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မနေ့ကတော့ အောင်သပြေစခန်းနဲ့ ဗန္ဓုလစခန်းက လက်နက်ချမယ်ဆိုပြီး ပြောပြီး လက်နက်မချဘဲ ကျေးရွာတွေကို ပစ်နေတော့ အခုလို နှစ်ဖက် တိုက်ပွဲပြင်းထန်လာနေတာ” လို့ ဗန္ဓုလကျေးရွာသားတဦးက ပြောပါတယ်။
အခုလို တိုက်ပွဲပြင်းထန်နေတာကြောင့် အောင်သပြေနဲ့ ဗန္ဓုလကျေးရွာတို့က လူဦးရေ ၁,၅၀၀ ခန့် ထွက်ပြေးနေကြတာပါ။
နိုဝင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီကျော်က မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ် ဒုံးညို နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီက MI-35 လေယာဥ်နဲ့ ဗုံး ၃ လုံး ချခဲ့ပါသေးတယ်။