ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မတူပီမြို့ခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီမှာ ဝေလူးကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ၁၁ ဦး နေရာမှာသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက ကျန်တဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ် ၆ လုံး၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အလယ်တန်းကျောင်းရဲ့ စာသင်ဆောင် ၂ ဆောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မတူပီမြို့ခံတဦးက “မနက်ပိုင်း ဂျက်ဖိုက်တာ ၂ စီးနဲ့ လာကြဲတယ်။ အခုထိတော့ ၁၂ ယောက်သေတယ်လို့ ကြားတယ်။ သေတဲ့အထဲ ကလေးတွေလည်းပါတယ်။ မိသားစုလိုက် သေတယ့်သူတွေလည်း ရှိတယ်။ သူတို့ရွာက ဖုန်းလိုင်းမရတော့ အသေးစိတ်မသိရသေးဘူး” လို့ ပြောပါတယ်။
မတူပီမြို့နယ်၊ ဝေလူးကျေးရွာဟာ ပလက်ဝမြို့နယ်နဲ့ ထိစပ်နေပြီး ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေဖြစ်တဲ့အတွက် စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။