ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်လုပ်ငန်းရှင် ၄ ဦးထဲက ၃ ဦးကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
“မြီ” မိသားစုဝင်တွေဖြစ်တဲ့ ကိုးကန့်လုပ်ငန်းရှင် ၄ ဦးထဲက မြီရှောက်ချန်း၊ မြီကော်ဖျင်းနဲ့ မြီကျိန်ကျိန်းတို့ ၃ ဦးကို ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ သူတို့ ၃ ဦးကို အရေးယူဆောင်ရွက်နိုင်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လွှဲပြောင်းနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်သူ့ လုံခြုံရေးဌာနက ကိုးကန့်လုပ်ငန်းရှင် “မြီ” မိသားစုဝင်တွေဖြစ်တဲ့ သူတို့ ၄ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်မှာ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း သူတို့ကို နိုဝင်ဘာလ ၁၅ ရက် နေ့စွဲနဲ့ပဲ ထပ်ဆင့်ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဒီကနေ့ မနက်မှာ ဖမ်းမိတာလို့ ကြေညာခဲ့တာပါ။ အခု ဖမ်းဆီးရမိသူတွေထဲမှာ ဖမ်းဝရမ်းမှာပါတဲ့ မြီရှောက်ချန်းရဲ့ သမီးဖြစ်သူ မြီကျွီလန်တော့ ပါဝင်ခြင်း မရှိသေးပါဘူး။
ဖမ်းဆီးခံရသူ မြီကော်ဖျင်ဟာ ကိုးကန့်ဒေသ ပြည်သူ့စစ်ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ တခြားသော ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုးကန့်ဒေသခေါင်းဆောင်ဟောင်း ပယ်စောက်ချိန်ရဲ သားဖြစ်သူ ပယ်ရင်ချန်ကိုလည်း တရုတ်နိုင်ငံနှင့် စစ်ကောင်စီတို့က ဖမ်းဝရမ်းထုတ်ထားပါသေးတယ်။