မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးဆောင်ပြီး ဆရာ၊ ဆရာမတွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးနေတယ်လို့ ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့မှာ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ လက်အောက်က CDM နဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၅၀ ဦး တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
ကွန်ပျူတာအခြေခံ ကျွမ်းကျင်ပြီးသူတွေကတဆင့် Excel၊ Word၊ Power point စတာတွေကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလ ရက်ပေါင်း ၄၀ ကြာမှာဖြစ်ပါတယ်။
မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက “ပညာရေးဝန်ထမ်းတွေအတွက် စွမ်းရည်ဖြည့် သင်တန်းပေါ့နော်။ အရင်ကတည်းက ကွန်ပျူတာကျွမ်းကျင်ပြီးသား ဆရာတွေက ပြန်သင်ပေးကြမှာပါ” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့ ပညာရေးဘုတ်အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၁ သောင်းကျော်ကို CDM နဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၉၈၁ ရောက်က ပညာသင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။