Home
မြန်မာသတင်း
မြဝတီ ကာစီနိုလောင်းကစားရုံများရှိ မလေးရှားနိုင်ငံသားများကို ကယ်ထုတ်ရန် သံအမတ် ကြိုးပမ်း  
DVB
·
November 15, 2023
Malaysia Ambassador Thai_15112023

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ရှိ ကာစီနိုလောင်းကစားရုံတွေမှာ  အလုပ်လုပ်နေကြတဲ့ မလေးရှားနိုင်ငံသားတွေကို ပြန်လည်ကယ်တင်ခေါ်ယူရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးက မဲဆောက်မြို့ကို ရောက်လာပြီး ထိုင်းရဲတပ်ဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။

မလေးရှားသံအမတ်ကြီး ဒါတွတ်ဂျိုဂျီဆမ်မျူရယ်ဟာ နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက မဲဆောက်မြို့ မြို့မရဲစခန်းကို လာရောက်ပြီး မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့မှာ ပိတ်မိနေတဲ့ မလေးရှားလူမျိုးတွေအတွက် ဆွေးနွေးခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

အလုပ်သွားလုပ်နေတဲ့ မလေးရှားနိုင်ငံသားတွေ မြန်မာဘက်ကနေ ထိုင်းဘက်သို့ ပြန်လည်ဝင်ရောက်ချိန်မှာ မဖမ်းဆီးဖို့ ထိုင်းရဲနဲ့ လ.ဝ.က အရာရှိတွေအပါအဝင် ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးတိုင်ပင်ခဲ့ကြတာလို့   မဲဆောက်မြို့ ရဲတာဝန်ရှိသူက ပြောပါတယ်။

မြဝတီဘက်ရှိ ကာစီနိုရုံတွေမှာ မလေးလူမျိုး ၁၀၀၀ လောက် အလုပ်လုပ်နေကြတယ်လို့ ခန့်မှန်းထားပြီး  သူတို့ဟာ မဲဆောက်ကို ပြန်လည်ဝင်ရောက်ပြီး၊ ထိုင်းမှတဆင့် မလေးရှားနိုင်ငံသို့ ပြန်လိုကြတယ်လို့ သိရပါတယ်။

မြဝတီရှိ ကာစီနိုရုံတွေမှာ မလေးရှားနိုင်ငံသားတွေအပြင် တရုတ်နိုင်ငံသားတွေ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်စတဲ့ အာဆီယံ ဒေသတွင်းနိုင်ငံတွေနေ လာရောက် အလုပ်လုပ်နေကြတာ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024