ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့မှာရှိတဲ့ အမေရိကန်တပ်တွေကို ဆက်တိုက် တိုက်ခိုက်နေတဲ့အပေါ် နောက်ဆုံးတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ဆီးရီးယားနိုင်ငံထဲက အီရန်နဲ့ သူ့ရဲ့မဟာမိတ်အဖွဲ့တွေကို နိုဝင်ဘာ ၁၂ ရက်က လေကြောင်းကနေ နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
အဘူခါမယ်လ်မြို့နားက လေ့ကျင့်ရေးအဆောက်အအုံနဲ့ မာယာဒင်းမြို့နားက လုံခြုံစိတ်ချရတဲ့ အိမ်တလုံးတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အော်စတင်က“သမ္မတက အမေရိကန်ဝန်ထမ်းတွေရဲ့ လုံခြုံရေးထက် ပိုဦးစားပေးတာ မရှိပါဘူး။ ပြီးတော့ အမေရိကန်ဟာ သူ့ကိုယ်သူ ကာကွယ်မယ်၊ သူ့ရဲ့အမှုထမ်းတွေနဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ဖို့ ဒီကနေ့ ညွှန်ကြားထားပါတယ်” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ရေးသားပြောဆိုပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေကို မောင်းသူမဲ့လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ တလှိုင်းပြီးတလှိုင်း တိုက်ခိုက်ပြီးနောက် ချေမှုန်းတဲ့အနေနဲ့ အမေရိကန်က အောက်တိုဘာ ၂၆ ရက်နောက်ပိုင်း တတိယမြောက် တိုက်ခိုက်ခဲ့တာပါ။
အော်စတင်က တောင်ကိုရီးယားမှာ လွမ်းသူ့ပန်းခွေချတဲ့ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်က တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်တုန်းကတော့ နယူးဒေလီမှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးနဲ့ အိန္ဒိယ အရာရှိတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Source/Photo-Reuters