ပဲခူးတိုင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၅ ၄ ဖာလုံအနီးမှာ နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းက ခရီးသည်တင် Express နဲ့ တိုယိုတာ အယ်လ်ဖက်ကားတို့ တိုက်မိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ လူ ၂၉ ဦးပါ ခရီးသည်တင်ယာဉ်ဟာ ၄၅ မိုင် ၄ ဖာလုံအနီးရှိ လမ်းပြုပြင်လက်စတံတားရဲ့ အတားအဆီးတွေကို ရှောင်ရင်း မနက် ၇ နာရီခွဲ လောက်မှာ ရန်ကုန်ဘက်က မောင်းလာတဲ့ အယ်လ်ဖက်ကားနဲ့ တိုက်မိခဲ့ပြီး တံတားဘောင် ကို ထပ်မံတိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဝင်တိုက်မိတဲ့ Expressဟာ ရန်ကုန်- တာချီလိတ်ပြေးဆွဲနေတဲ့ ဒို့ညီနောင်ယာဉ်လိုင်းက ကား ၁ စီးဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီးချိန်မှာ Express ယာဉ်မောင်းဖြစ်သူက ထွက်ပြေးတိမ်းရှောင် သွားပါတယ်။
ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက “ ဒီမနက်ပိုင်းက နှင်းတွေ ပိတ်နေတယ်။ Express က သူ့လမ်းကြောင်းအတိုင်းလာတာ။ တံတားပြင်နေလို့ ပိတ်ထားတဲ့ ဘယ်ရီတွေကို ရုတ်တရက် မြင်လိုက်ရပြီး အခြားလမ်းဘက်ကို ဆွဲကွေ့လိုက်ရာကနေ တိုက်မိတာ။ အယ်လ်ဖက်ကလည်း ရန်ကုန်ဘက်ကနေလာတာ။ မျက်နှာချင်း ဆိုင် ဝင်တိုက်မိသလို ဖြစ်သွားပြီး တံတားဘောင်ကို ထပ်တိုက်မိတာ။ အယ်လ်ဖက်က အမျိုးသမီးက လက်ကျိုးတယ်၊ ခြေထောက်ကျိုးတယ်၊ ဒဏ်ရာရတယ်။ ယာဉ်မောင်းကတော့ ပွန်းပဲ့ဒဏ်ရာလောက်နဲ့ နာသွားတာ ရှိတယ်။ ကားကတော့ စုတ်ပြတ်သွားတယ်။ Express ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်” လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် အယ်လ်ဖက်ကားပေါ်ပါ အသက် ၅၇ နှစ်အရွယ်အမျိုးသမီး ၁ ဦးမှာ ခြေလက်ကျိုးပွန်းပဲ့ဒဏ်ရာ၊ ယာဉ်မောင်းဖြစ်သူမှာ ပွန်းပဲ့ရင်ဘတ်အောင့်ဒဏ်ရာတွေ ရရှိသွားပြီး Express ကားပေါ်က ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါဘူး။
အဆိုပါနေရာကို ဘောနတ်ကြီးအမြန်လမ်းမီးသတ်၊ ဘုရားကြီးအရန်မီးသတ်နဲ့ သက်ဆိုင်ရာအဖွဲ့ တွေက ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြပြီး ထိခိုက်မိသူတွေကို ဘုရားကြီးမီးသတ်က လူနာတင်ယာဉ် နဲ့ ပဲခူးဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။
နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းမှာပဲ မိုင်တိုင် ၄၅ မိုင် ၄ ဖာလုံအနီး လမ်းပိုင်းမှာ ပရာဒိုအိမ်စီးကား ၁ စီးဟာ အရှိန်လွန်ပြီး လမ်းဘေးအကာတွေကို ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။