မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် မေမြို့မှာ လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေကို မယုံကြည်ဖို့အတွက် စစ်ကောင်စီဘက်က အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်စခန်းတွေနဲ့ စစ်ကောင်စီတပ်ရဲ့ မြို့တွေ တဖြည်းဖြည်း သိမ်းပိုက်ခံရပြီးနောက် ညီနောင်မဟာမိတ် ၃ ဖွဲ့က မေမြို့ကိုလည်း တိုက်ခိုက်လိမ့်မယ်ဆိုတဲ့ သတင်းတွေဟာ မေမြို့ဒေသခံတွေကြားထဲမှာ ထွက်ပေါ်နေပါတယ်။
ဒါကြောင့် မေမြို့မှာ ဒေသခံတော်တော်များများဟာ နေအိမ်အတွင်းသာ နေထိုင်နေကြပြီး စစ်ဖြစ်လာမယ့်အပေါ်မှာ စိုးရိမ်ထိတ်လန့်နေတာကြောင့် ကောလာဟလ အမျိုးမျိုးလည်း ထွက်ပေါ်နေတဲ့အပေါ် စစ်ကောင်စီက အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတာလို့ မေမြို့ဒေသခံတဦးက ပြောပါတယ်။
“မြို့ပေါ်မှာ အသွားအလာရှင်းနေတော့ စစ်တပ်ဘက်က တိုက်ပွဲဖြစ်စရာအကြောင်း မရှိဘူး။ သူတို့ ကောင်းကောင်းထိန်းသိမ်းထားတယ် ဆိုတာမျိုးတွေကို လိုက်ကြေညာနေကြရတာ။”
လက်ရှိအချိန်မှာ မေမြို့ဒေသခံတွေဟာ စစ်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းတာတွေနဲ့ မြို့ခံတချို့ဟာ မြို့ကနေ ယာယီရှောင်တိမ်းနေကြပြီလို့လည်း သိရပါတယ်။
အခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အုမ္မခါးလမ်းခွဲနဲ့ ဂုတ်ထိပ် အပါအဝင် မေမြို့-နောင်ချို လမ်းတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အုမ္မသီး၊ အုမ္မခါး၊ ရွှေညောင်ပင်၊ ဆမ္မဆယ် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။