ပါရာဂွေးနိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရကာ မိသားစုပေါင်း ၄,၄၀၉ ဦး ထိခိုက်ခဲ့ကြောင်း ပါရာဂွေး ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါရာဂွေးနိုင်ငံ တောင်ပိုင်းရှိ အာယိုလပ်စ်မြို့က ခိုလှုံရေးစခန်းတွေကို ရာနဲ့ချီတဲ့ ဒေသခံတွေ သွားရောက်ခိုလှုံနေကြရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မုန်တိုင်းတိုက်ခတ်မှုကြောင့် ပရာနာ မြစ်ကမ်းပါးတွေ ပြိုကျပြီးနောက်မှာ အာယိုလပ်စ်မြို့တွင်းရှိ ရပ်ကွက် ၅ ခုထက်မနည်း ရေအောက်မြုပ်ကုန်ပါတယ်။
မိုးရွာသွန်းမှုကြောင့် နိုင်ငံတဝန်း လူပေါင်း ၃၅,၀၀၀ လောက် ထိခိုက်ခဲ့ကြောင်း အမျိုးသား အရေးပေါ်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
လူပေါင်း ၃,၇၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း အာဂျင်တီးနား နယ်စပ်အနီးရှိ အာယိုလပ်စ်မြို့ ဒေသအာဏာပိုင်တွေက ပြောကြားပါတယ်။
နိုဝင်ဘာ ၈ ရက်မှာတော့ တချို့ဒေသခံတွေဟာ ရေကြီးနေဆဲ လမ်းတွေကို လှေငယ်တွေနဲ့ သွားလာခဲ့ကြပါတယ်။
ပစိဖိတ်သမုဒ္ဒရာ ပူနွေးလာမှုနဲ့ အမေရိကတဝန်း ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေကြောင့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် ပေါ်ပေါက်လာပြီး အယ်လ်နီညို သက်ရောက်မှုကြောင့် ဒီသီတင်းပတ်ကုန်မှာ မုန်တိုင်းတိမ်တိုက်တွေ ပိုမိုဝင်ရောက်လာမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Source/Photo-Reuters