ဆိုမာလီယာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး လူပေါင်း ၃ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက နိုဝင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် အာဖရိက အရှေ့ခြမ်းရှိ မြို့တွေကို ရေလွှမ်းမိုးခဲ့တာပါ။ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ကျရောက်လာတဲ့ ရေကြီးရေလျှံမှုမှာ သောင်တင်နေတဲ့ ထောင်နဲ့ချီတဲ့ လူတွေကို ကယ်ဆယ်ဖို့ အာဏာပိုင်တွေက အတတ်နိုင်ဆုံး ကြိုးပမ်းနေကြပါတယ်။
ဗုဒ္ဓဟူးနေ့က ဗီဒီယိုမှာတော့ ဆိုမာလီယာနိုင်ငံ အနောက်တောင်ပိုင်းပြည်နယ် ဘိုင်ဒွာမြို့မှာ ရေကြီးနေတဲ့ လမ်းတွေကို ဖြတ်ကျော်ဖို့ ရုန်းကန်နေရသူတွေကို မြင်တွေ့ရပါတယ်။
ဂျပ်ဘာမြစ်ကမ်းပါး ပြိုကျရာ လပ်ခ်မြို့မှာတော့ အနည်းဆုံး လူ ၂,၄၀၀ ထက်မနည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
အိမ်နီးချင်း ကင်ညာနိုင်ငံမှာလည်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ကင်ညာကြက်ခြေနီအဖွဲ့က ပြောပါတယ်။
ယူဂန်ဒါနိုင်ငံမှာ တံတားတစင်း နစ်မြုပ်ခဲ့ပြီး အနောက်မြောက်ဘက်ရှိ ရေနံမြေတွေနဲ့ ကမ်ပါလာမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းလည်း ပြတ်တောက်သွားခဲ့ကြောင်း ယူဂန်ဒါ လမ်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဒေသတွင်း ရေလွှမ်းမိုးမှုဟာ အယ်လ်နီညိုနဲ့ အိန္ဒိယသမုဒ္ဒရာမှ ဒိုင်ပိုးလ် - ရာသီဥတုဖြစ်စဉ် ၂ ရပ် သက်ရောက်မှုတို့ကနေ ဖြစ်ပေါ်လာတာလို့ ပြောထားပါတယ်။
Source/Photo-Reuters