၁၀၂၇ စစ်ဆင်ရေးလိုပဲ နိုဝင်ဘာလ ၇ ရက်က ကရင်နီပြည်နယ်ထဲမှာ စတင်ခဲ့တဲ့ ၁၁၀၇ စစ်ဆင်ရေးအပြင် တခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးတွေကို မြန်မာတစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က နိုဝင်ဘာ ၈ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ကနေ နိုဝင်ဘာ ၈ ရက် မနေ့ကအထိ ၁၃ ရက်တာကာလအတွင်း သိမ်းပိုက်ရရှိခဲ့ပြီးတဲ့ မြို့တွေကိုလည်း မိမိတို့အနေနဲ့ အလုံးစုံဆက်လက်ထိန်းချုပ်ထားနိုင်ပြီး မိမိတို့အုပ်ချုပ်ရေးနဲ့ အပြီးသတ်အစားထိုးနိုင်ဖို့ ကြိုးစားနေကြောင်း ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ စစ်ရေးမျှော်မှန်းချက်တွေထဲက စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် စစ်ရေးဆင်နွှဲနေတာတင်မဟုတ်ဘဲ လောင်းကစားလိမ်လည်မှု (ကျဖျင်) ပပျောက်ရေးနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကိုလည်း သက်ဆိုင်ရာနယ်မြေတွေမှာ ဆက်လက်ဆောင်ရွက်နေတယ်လို့ ညီနောင် ၃ ဖွဲ့က ပြောပါတယ်။
ရခိုင်ဒေသအတွင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ပိုမိုလှုပ်ရှားသွားလာနေတာကို တွေ့ရှိရပြီး ရေလမ်းကြောင်းကို အဓိကအသုံးပြုစစ်ရေးလှုပ်ရှားနေတာဟာ သိသာထင်ရှားတဲ့ စစ်ကောင်စီရဲ့ စစ်ရေးကြိုတင်ပြင်ဆင်နေမှု ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ဒေသက မြို့နယ်တချို့မှာ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတွေကနေ လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုတွေကို လစဉ်နီးပါး ဆက်တိုက်လုပ်လာတာဟာ ရခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေးရဲ့ အစလို့ ပြောလို့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ မြောက်ပိုင်းတိုက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး မနေ့ညက ကာလုံအစည်းအဝေး ခေါ်ယူခဲ့ပြီး ဒီတိုက်ပွဲဟာ MNDAA က သူတို့ရဲ့ ဩဇာအာဏာကို ပြန်လည်တည်ဆောက်ဖို့နဲ့ မူးယစ်ဆေးဝါးကရတဲ့ အကျိုးအမြတ်တွေကြောင့် တိုက်ခိုက်တာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။