ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၉၇ မိုင်၂ ဖာလုံအနီးမှာ နိုဝင်ဘာလ ၇ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်လောက်က ကား ၁ စီး တိမ်းမှောက်ပြီး ဦးဇင်း ၁ ပါး ပျံလွန်၊ လူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ချောင်းအမြန်မီးသတ်က ပြောပါတယ်။
အဆိုပါကားဟာ ရန်ကုန်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာခဲ့တာဖြစ်ပြီး ဦးဇင်း ၁ ပါး၊ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ လိုက်ပါလာခဲ့ပါတယ်။
အမြန်လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသံတိုင်နံရံတွေကို တိုက်မိကာ ယာဉ်လမ်းကြောပြောင်းပြန်ကို ရောက်ရှိသွားခဲ့ပြီး ကားပေါ်ပါ သက်တော် ၄၆ နှစ်၊ ဝါတော် ၂၅ ဝါရှိ ဦးဇင်း ၁ ပါးမှာ ပျံလွန်ခဲ့ပါတယ်။
မြို့ချောင်းအမြန်လမ်းမီးသတ်တာဝန်ရှိသူတဦးက “သူတို့က နေပြည်တော်ဘက်သွားရင်း လမ်းဘေးကို တိုက်မိပြီး တဖက်လမ်းကြောကို ရောက်သွားတာ။ ဦးဇင်း တပါး ပျံလွန်တော်မူသွားတယ်။ ကျန်ကျား ၃ ဦး၊ မ ၁ ဦးကတော့ မစိုးရိမ်ရပါဘူး။ ပွန်းပဲ့တာတို့၊ ဖူးယောင်တာတို့လောက်ပဲ” လို့ ပြောပါတယ်။
ယာဉ်မောင်းအမျိုးသားနဲ့ ကျန်အမျိုးသား ၂ ဦးမှာ ပွန်းပဲ့ပြတ်ရှိ ဒဏ်ရာ၊ အမျိုးသမီး ၁ ဦးမှာ ခါးနာဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အမြန်လမ်းရဲလူနာတင်ယာဉ်၊ မြို့ချောင်းဆေးရုံ လူနာတင်ယာဉ်တွေနဲ့ မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့တဲ့ကားဟာ ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လက်ဝဲမင်းဒင်းလမ်းရှိ ဓမ္မပါလကျောင်းတိုက်ပိုင် ဟွန်ဒါ CR- V အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။