Home
မြန်မာသတင်း
ဘားအံတွင် ရေထဲနစ်မြုပ်နေသည့် ကားနှင့် လူ ၂ ဦးကို ပြန်ရှာတွေ့
DVB
·
November 6, 2023
Hlaing Bwe stream dead body car_06112023

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းရွာရှိ သမတ်ကွေ့ ကူးတို့ဆိပ်အနီး လှိုင်းဘွဲ့ချောင်းထဲမှာ နစ်မြုပ်နေတဲ့ ကားနဲ့ လူ ၂ ဦးကို နိုဝင်ဘာ ၅ ရက်က ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်) က ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ပရိုဘောက်ကားပေါ်မှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး လိုက်ပါလာတာဖြစ်ပြီး ဘားအံမြို့ပေါ်ကို မျက်စိဆေးခန်း‌ပြသဖို့ သွားခဲ့ကြရင်း အပြန်လမ်းမှာ ရွာသစ်ကုန်းကနေ ဒေါ်လန်းရွာဘက်ကို ကားနဲ့ ကူးတို့ကူးချိန် မွန်းလွဲ ၂ နာရီခွဲခန့်က မတော်တဆဖြစ်ကာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ကားကူးတို့ကူးနေချိန် ဆင်းပြီးကျန်နေခဲ့တဲ့ အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာရရှိခြင်း မရှိဘူးလို့ သိရပြီး ရေထဲနစ်မြုပ်နေသူတွေကို ကယ်ဆယ်ရေးအသင်းတွေက ၂ ရက်ဆက်တိုက် ရှာဖွေခဲ့ရာ ချောင်းထဲကနေ တိုယိုတာ ပရိုဘောက်ကား ၁စီး၊ အသက် ၈၄ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ညနေ ၅ နာရီနဲ့ ည ၈နာရီခွဲတွေမှာ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဆယ်ယူနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတဦးက “ကားရေထဲကျသွားတာက နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာပါ။ အားလုံး ၃ ဦးပါတာ။ ကူးတို့ကူးနေချိန် အမျိုးသမီးဖြစ်သူက ဆင်းနေခဲ့တာ။ အမျိုးသား ၂ ဦးတော့ ကားထဲပါသွားတယ်။ နိုဝင်ဘာလ ၅ ရက် မနက် ၈ နာရီလောက်ကစပြီး ပြန်လည်ရှာဖွေခဲ့ပါတယ်။ ညနေ ၅ နာရီလောက်မှာ အသက် ၈၄ နှစ် တဦးကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ကျန်တဦးနဲ့ ကားကိုတော့ ည ၈ နာရီခွဲလောက်မှာ ဆွဲတင်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အဆိုပါနေရာကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်) နဲ့အတူ အရပ်ဘက် ကယ်ဆယ်ရေးအသင်းတွေဖြစ်တဲ့ ဒေါ်လန်း၊ ရွှေကျိုက်ပေါင်၊ ဝဲကရင်၊ သာမညအသင်း၊ သက်ဆိုင်ရာအဖွဲ့တွေက ပါဝင်ဆယ်ယူခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024