စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ ၃ ယောက် ထိမှန်သေဆုံးခဲ့ပြီး ချင်းပြည်နယ်၊ မတူပီမှာတော့ မြို့တွင်းနေပြည်သူတွေကို စစ်ကောင်စီကထွက်ခွာသွားလာခွင့် ပိတ်ထားပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ညပိုင်းက ကလေးမြို့တွင်း စစ်ဌာနချုပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဥယျာဉ်ရွာက အသက် ၃၀ အရွယ် မပူးလေးသေဆုံးခဲ့ပြီး၊ နိုဝင်ဘာ ၄ ရက်နေ့ ညကလည်း လက်ပံချောင်းရွာက အသက် ၆၀ အရွယ် အမျိုးသမီးတယောက်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတယောက် ထိမှန်သေဆုံးခဲ့တာပါ။
ကလေးမြို့ခံတယောက်က “အခုတလော လက်နက်ကြီးတွေနဲ့က နေ့စဉ်ပစ်နေတာ။ မြို့ထဲက တပ်တွေများတော့ ဘယ်တပ်က ပစ်မှန်းတောင် သေချာမသိရဘူး။ အရင်ကထက် မြို့ထဲခဏခဏ အစစ်ဆေးတွေများနေတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့သူတွေဟာ ဝမ်းဗိုက်၊ ကျော၊ ခြေထောက်၊ ဦးခေါင်း၊ လည်ပင်းတို့မှာ ဒဏ်ရာရရှိပြီး သေဆုံးသွားကြတာလို့ ဒေသခံတွေက ဆိုပါတယ်။
ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တယောက်က “သူတို့ကတော့ ကျနော်တို့ PDF တွေနဲ့ တိုက်တယ်။ မနိုင်ရင် ရွာတွေဘက် ပြည်သူတွေနေတဲ့ဆီ လက်နက်ကြီးနဲ့ထုတယ်။ ဒါကလည်း မဆန်းတော့ပါဘူး။ ပြည်သူတွေအနေနဲ့ အစစအရာရာ ဂရုစိုက်ကြဖို့ပဲ မှာချင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့တွင်းနဲ့ မြို့အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရှားဖိုရွာဒေသခံ ၄ ယောက် ထိမှန်သေဆုံးသွားခဲ့ပါသေးတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့တုန်းက မတူပီ-ဟားခါးလမ်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ခရိုင်ရုံးကို CDF-မတူပီက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း မြို့တွင်းမြို့ပြင် အသွားအလာကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မြို့တွင်း၊ မြို့ပြင် ခရီးသွားလာခွင့်ကို ပိတ်ပင်ထားတာကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်နေပြီး ရိက္ခာပြတ်သွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။
ဒေသခံတယောက်က “စစ်တပ်က ပိတ်တာလို့ပြောတယ်။ မြို့ထဲကလူတွေ အပြင် မထွက်ရဘူး။ မြို့ပြင်ကလူတွေလည်း အထဲမဝင်ရဘူး။ နွားနောက်တွေ ရောဂါ ဖြစ်နေကြတယ်။ ကုမယ့်ဆရာဝန်မရှိဘူး။ မင်းတပ်ဘက်မှာတော့ ဆေးကုပေးမယ် ပြောတယ်။ သွားခွင့်ပိတ်ထားတော့ သွားလို့မရဘူး” လို့ ပြောပါတယ်။
မတူပီမြို့ထဲမှာ လျှပ်စစ်မီးနဲ့ ရေပြတ်တောက်တာ ၅ လလောက်ကြာနေပြီဖြစ်ပြီး နွားနောက်တွေလည်း ခွာနာ၊ လျှာနာ ရောဂါဖြစ်နေကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက မိုးသည်းထန်စွာရွာတာကြောင့် မတူပီမြို့ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မတူပီ-ဟားခါးလမ်း ပျက်စီးသွားလို့ ကုန်ပစ္စည်းသယ်ယူဖို့ခက်ခဲနေပြီး အခုတခါ စစ်ကောင်စီက မြို့ပြင်ထွက်ခွင့်ပိတ်လိုက်တဲ့အတွက် ရိက္ခာပြတ်မှာကို ဒေသခံတွေ အထူး စိုးရိမ်နေကြပါတယ်။