ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်လို့ ထွက်ပြေးတိမ်းရှောင်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အဖွဲ့အစည်းတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အနီးနား ကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်ခဲ့ရပါတယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ပြောခွင့်ရ စောနန္ဒဆူးက “မုန်းမြို့နယ်အတွင်းမှာ အကြမ်းဖျဥ်းအားဖြင့် ၅၈,၀၀၀ ကျော် ရှိပါတယ်။ ပုံမှန်အခြေခံလိုအပ်နေတာက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတွေက အစဥ်အမြဲ စစ်ရှောင်ရင် လိုအပ်တဲ့ အကူအညီတွေပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဖျားနာ၊ ဝမ်းလျော၊ အရေပြားရောဂါတွေ အဖြစ်များတယ်” လို့ ပြောပါတယ်။
စစ်ရှောင်တွေကို ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အဖွဲ့က ပုံမှန်အားဖြင့် တပ်မဟာ ၃ လယ်ဒို၊ မုန်းမြို့နယ်တို့မှာ ကရင်အမျိုးသားအစည်းရုံးက ဖွင့်ထားတဲ့ KTHW လို့ခေါ်တဲ့ ကော်သူးလေ ကျန်းမာရေးဌာနနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့တွေက ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးပေမဲ့လည်း ပြည့်စုံလုံလောက်မှုမရှိဘဲ ကျန်းမာရေး ဝန်ဆောင်မှုကတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
စစ်ရှောင်ကူညီပေးတဲ့ တချို့အဖွဲ့တွေက စစ်ကောင်စီကနေ တဆင့်လာတဲ့ အစုအဖွဲ့ရှိတော့ စစ်ဘေးရှောင်တွေဆီကနေ သတင်းအချက်လက် နှိုက်ယူတာတွေရှိလို့ ကရင်အမျိုးသားအစည်းအရုံးကို တခြားအဖွဲ့အစည်းတွေအနေနဲ့ စစ်ရှောင်ကူညီဖို့ ခွင့်ပြုချက် တောင်းရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။
အောက်တိုဘာလအတွင်းက တပ်မဟာ ၃ မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်လို့ ၂ ဦးသေဆုံး၊ ၂၄ ဦး ထိခိုက်ဒဏ်ရာရကာ လေကြောင်းတိုက်ခိုက်လို့ အိမ် ၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့တယ်လို့ KHRG ရဲ့ မှတ်တမ်းအရ သိရပါတယ်။