ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ နိုဝင်ဘာ ၂ ရက် မနက်က စတင်ပြီး တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ကနေ ပြန်လည် ဆုတ်ခွာပေးလိုက်ပြီလို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။
မနေ့ မွန်းလွဲ ၂ နာရီကျော်အထိ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေရာက စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ ရမ်းသန်းပစ်ခတ်ရာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် ပြန်လည် ဆုတ်ခွာပေးလိုက်တာလို့ ဆိုပါတယ်။
ကေအန်ယူတပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါးထူးက “ကြာအင်းဆိပ်ကြီးက ပြန်ဆုတ်ပေးလိုက်ပြီ။ လက်နက်ကြီးရော ရဟတ်ယာဥ်ရော မြို့ထဲ ရမ်းသန်းပစ်တော့ လူထု ၁၉ ယောက်လောက် ဒဏ်ရာရတယ်။ အဲဒါကြောင့် လူထုထိခိုက်မှု ပိုများလာမှာစိုးလို့ ရဟတ်ယာဥ်လာပစ်ပြီးနောက် နာရီဝက်လောက်မှာ ပြန်ဆုတ်တာ။ ကျန်နေရာတွေက ပြန်မဆုတ်သေးဘူး” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ယောက်သေပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ သိရပြီး KNLA ပူးပေါင်းတပ်ဘက်က ၁ ယောက်ကျဆုံးပြီး ၂ ယောက် မစိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ဗျူဟာမှူးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးရယူထားတဲ့ မြို့လယ်ခေါင် ရဲစခန်း၊ ထွေအုပ်စုပေါင်းရုံးနဲ့ မြို့တွင်းက လုံခြုံရေးရယူထားတဲ့ နေရာတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် မြန်မာ-ထိုင်း နယ်စပ်အနီးက စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းတွေဖြစ်တဲ့ ကွီးလုံတိုင်တပ်စခန်း၊ ကနဲလေးတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာကြောင့် မြို့ခံပြည်သူတွေ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့နဲ့ မော်တော်ယာဉ်တွေ ထိမှန်ပျက်စီးတာတွေကြောင့် မြို့ခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။