ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားဝင်းမှာရှိတဲ့ ဗိုလ်တထောင်ဘိုးဘိုးကြီးရဲ့ အသုံးအဆောင် တောင်ဝှေးကို ရွှေသားအစစ်နဲ့ ပြုလုပ်ပြီး လာအိုနိုင်ငံသားတွေက လှူဒါန်းသွားတယ်လို့ စေတီတော်ဂေါပကအဖွဲ့ထံကနေ သိရပါတယ်။
နိုဝင်ဘာ ၁ ရက်က ဗိုလ်တထောင်စေတီ ရင်ပြင်တော်ပေါ်မှာရှိတဲ့ ရောဟဏီ ဗိုလ်တထောင်ဘိုးဘိုးကြီးရဲ့ နတ်နန်းမှာ ရွှေအစစ်တောင်ဝှေးတော် လှူဒါန်းပွဲကို ကျင်းပခဲ့ကြပြီး အလှူရှင် လာအိုနိုင်ငံသူ နိုင်ငံသားတွေနဲ့ စေတီတော်ဂေါပကအဖွဲ့ဝင်တွေက ဆရာတော် သံဃာတော်တွေကို ဆွမ်းနဲ့လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
စေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးက" ဘိုးဘိုးကြီးအတွက် တောင်ဝှေးတော်ကို ရွှေအစစ် ၃၆ ကျပ်သားနဲ့ လုပ်ပြီး လာလှူကြတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဘိုးဘိုးကြီးရဲ့ လက်ညှိုးတော်ကို ရွှေအစစ် လေးကျပ်သားနဲ့ လုပ်ပြီး လာလှူခဲ့ကြပါသေးတယ်။ ဒါနဲ့ပါဆို လာအိုနိုင်ငံသားတွေ လာလှူတာ ၂ ကြိမ်ရှိပါပြီ အဓိဋ္ဌာန် အောင်လို့ လာလှူကြတာလို့သိရပါတယ်" လို့ ပြောပါတယ်။
အခုလာရောက် လှူဒါန်းခဲ့ကြတဲ့ တောင်ဝှေးတော်ဟာ ရွှေအစစ်လက်ညှိးတော် လှူဒါန်းမှုအပြီး ထပ်မံလှူဒါန်းခဲ့တဲ့ ရွှေနဲ့ပြုလုပ်တဲ့ အသုံးအဆောင်ဖြစ်ပါတယ်။
ဗိုလ်တထောင်ဘိုးဘိုးကြီးကို လာရောက်ဖူးတွေ့ကြတဲ့ နိုင်ငံခြားသားတွေထဲမှာ ထိုင်းနဲ့ လာအိုနိုင်ငံသားတွေက အများဆုံးဖြစ်ကြပြီး အဓိဋ္ဌာန်အောင် ဆုတောင်းပြည့်ကြတိုင်း အခုလို ရွှေသားအစစ်နဲ့ ပစ္စည်းတွေကို လှူဒါန်းလေ့ရှိတာ ဖြစ်ပါတယ်။