Home
မြန်မာသတင်း
ပြည်တွင်းလေကြောင်းခရီးသွားများ ဆိုက်ရောက်နှင့် ထွက်ခွာပုံစံများ ဖြည့်ရမည်
DVB
·
November 1, 2023
Myanmar Air_01112023
Myanmar-Air-Depart-arrive-form_01112023

နိုဝင်ဘာ ၁ ရက်ကစပြီး ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် လေကြောင်းခရီးစဉ်တွေမှာ လိုက်ပါကြမယ့် ခရီးသည်အားလုံး ဆိုက်ရောက်နဲ့ ထွက်ခွာတာတွေကို မဖြစ်မနေ ဖြည့်စွက်ရမယ်လို့ စစ်ကောင်စီရဲ့ ပြည်တွင်းလေကြောင်းညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စည်းမျဉ်းသတ်မှတ်ချက်တွေအနေနဲ့ ရန်ကုန်ကနေ မန္တလေးကိုသွားမယ့် ခရီးသည်တွေက ထွက်ခွာပုံစံကို ဖြည့်စွက်ပြီးမှ ထွက်ခွာရမှာဖြစ်ပြီး မန္တလေးကနေ ရန်ကုန်ကိုလာတဲ့ ခရီးသည်တွေအနေနဲ့ ဆိုက်ရောက်ပုံစံတွေ ဖြည့်စွက်ပြီးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့အတူ တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံ ယူဆောင်လာဖို့ကိုလည်း အကြံပြုထားပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူတဦးက “ပြည်တွင်းမှာတော့ ဒါ ပထမဆုံး လုပ်တာပါ။ ဆိုက်ရောက် ထွက်ခွာတွေမှာ ဖြည့်ပြီးရင် လဝက က တုံးထုပေးရမယ်၊ လေယာဉ်ပေါ် တက်ခါနီးရင် ပြရမယ်” လို့ ပြောပါတယ်။

စည်းမျဉ်းသတ်မှတ်ချက် စနစ်သစ်အပေါ် အသေးစိတ်အချက်အလက်တွေ သိချင်ရင် သက်ဆိုင်ရာ လေကြောင်းလိုင်း အသီးသီးကိုလည်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သူက ဆိုပါတယ်။

မန္တလေးမြို့က လေယာဉ်စီးခရီးသည်တဦးက “ဒါမျိုးက နိုင်ငံခြားခရီးစဉ်တွေလုပ်တာ သဘာဝကျပါတယ်။ အခုဟာက ပြည်ပခရီးစဉ်ကို မလုပ်ဘဲ ကိုယ့်ပြည်တွင်းထဲကလူတွေကို လုပ်တာကတော့ဗျာ သဘာဝမကျဘူးလေဗျာ။ အလုပ်ပိုရှုပ်အောင် လုပ်နေတာပဲလို့ မြင်တယ်၊ လိုက်ပြီး ဘောင်ခတ်နေသလို ခံစားရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို ကမ္ဘာ့လှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်စေဖို့နဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ဖို့ဆိုပြီး ၂၀၁၈ ခုနှစ် ဩဂုတ် ၁၂ ရက်ကစလို့ ပြည်ပခရီးစဉ်တွေရဲ့ ဆိုက်ရောက် ထွက်ခွာကတ် အသုံးပြုတာ‌တွေကို ကင်းလွတ်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

အခု နိုဝင်ဘာလကစပြီး ပြည်တွင်းလေကြောင်း ခရီးသွားတွေကို စည်းမျဉ်းအသစ်ဆိုပြီး ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024