ရခိုင်ပြည်နယ်၊ ဘူသီးတောင်အကျဥ်းထောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦး အောက်တိုဘာ ၃၁ ရက် မနက်က ထွက်ပြေးသွားတယ်လို့ ဘူးသီးတောင်အကျဥ်းထောင်မှ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက အတည်ပြုပြောပါတယ်။
“သူတို့က အကျဥ်းကျခံပြီး လွတ်မြောက်လာကြသူတွေပါ။ ဘင်္ဂလားဘက်က လာရောက်မယူသေးတော့ ဘူးသီးတောင် ထောင်မှာ ထားထားရတာ။ ချုပ်ရက်စေ့လို့ လွတ်မြောက်လာကြသူတွေဆိုတော့ ထောင်ထဲမှာလည်း ထားမရဘူး။ အပြင်မှာထားပြီး တောက်တိုမယ်ရ အလုပ်လေးလေးတွေ လုပ်ခိုင်းပြီး ကျွေးမွေးထားရတာ။ အပြင်မှာ နေကြတာဆိုတော့ ထွက်ပြေးတာ သတိမထားမိလိုက်ကြဘူး။”
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၈ ဦးအထိရှိနေပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးပြီးမှသာ ဘင်္ဂလားဒေ့ရှ်ဘက်က လက်ခံမှာဖြစ်တာကြောင့် ဘူးသီးတောင် အကျဥ်းထောင်မှာ လွတ်လွတ်လပ်လပ်ထားရှိရာက အခုလို ထွက်ပြေးသွားကြတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
“ဘူးသီးတောင် ထောင်မှာရှိနေတဲ့ လူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးရဦးမယ်။ အဓိက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ID ကတ် ပြနိုင်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှာပါ။ UN ကထုတ်ပေးတဲ့ ID ကတ်တွေနဲ့ အကျုံးမဝင်ပါဘူး။ လက်ရှိအထိ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ဆေးခွင့်ပြုထားပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်မပြုသေးလို့ မစစ်ဆေးရသေးဘူး” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူတွေက ပြောပါတယ်။
အောက်တိုဘာ ၃ ရက် မနက်ကလည်း မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီးကနေ ပြန်လည်လွတ်မြောက်လာကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို မောင်တောမြို့ ဘုတ်ဆိတ် POE (Point of Entry or Exit Camp) ဝင်/ထွက်စခန်းမှ ဘင်္ဂလားအစိုးရထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း တာဝန်ရှိသူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံ အကျဥ်းထောင်အသီးသီးမှ လွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၈ ဦး ရှိနေပြီး အဲဒီအထဲမှာ စိစစ်ပြီးစီးသူ ၂၉ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။