မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာရှိတဲ့ နေအိမ်စျေးဆိုင်တခုထဲ ဈေးထိုင်ရောင်းနေတဲ့ အမျိုးသမီးတယောက် အောက်တိုဘာ ၃၁ ရက် မနက် ၇ နာရီက ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆင်ပေါင်ဝဲမြို့နယ်၊ ကြက်မွှေးနှုတ်တဲတိုက်ကျေးရွာနေ အသက် ၂၀ ကျော် အမျိုးသမီးတဦးဟာ နေအိမ်ဈေးဆိုင်မှာ ဈေးရောင်းချနေတဲ့အချိန် လူတစုက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ဈေးဆိုင်မျက်နှာကြက်မှာလည်း လက်လုပ်မိုင်းတလုံး တင်ထားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အိမ်နီးနားချင်း အမျိုးသမီးတဦးက “အိမ်ဆိုင်လေးဖွင့်ထားပြီး ရောင်းနေတဲ့သူပါ။ လူ ခုနစ်ယောက်က သေနတ်တွေနဲ့ ဆိုင်ကိုရောက်လာပြီး ပစ်သွားတာ။ အမျိုးသမီးဆီမှာရှိတဲ့ လက်ဝတ်လက်စားတွေ ဖြုတ်သွားတယ်။ နောက်ပြီး ဈေးရောင်းထားတဲ့ ပိုက်ဆံတွေလည်း ယူသွားတယ်တော့ ကြားတယ်။ ရဲတွေ လာစစ်တဲ့အချိန် မျက်နှာကြက်ပေါ်က လက်လုပ်မိုင်း ကွဲပြီး ရဲတဦးပါ ထိသွားတယ်” လို့ ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ အမျိုးသမီးဟာ ဦးခေါင်းနဲ့ ရင်ဘတ်တို့မှာ ကျည်ထိမှန်ဒဏ်ရာတွေရပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးကို ဘယ်အဖွဲ့အစည်းက ဘာရည်ရွယ်ချက်နဲ့ ပစ်သတ်သွားခဲ့တာကို အသေးစိတ် စုံစမ်းမသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။