ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေထံက သိရပါတယ်။
အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီကျော်လောက်က နမ့်ဖတ်ကာကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “စစ်ဖြစ်နေတဲ့အချိန်ဆိုတော့ ချက်ချင်းသွားပြီး မကူညီနိုင်တာ ရှိတယ်။ ပစ်ခတ်သံတွေနဲ့ ဖြစ်စဉ်နားကို ဝင်လို့ရတဲ့အချိန်လောက်မှ သွားရောက် ကူညီရတာပါ။ တယောက်က ပွဲချင်းပြီး၊ နှစ်ယောက်က ဆေးရုံရောက်မှဆုံးတာ။ အားလုံးက လူငယ် လူလတ်ပိုင်းတွေပါ” လို့ ပြောပါတယ်။
ပြည်ထောင်စုလမ်းမကြီးပေါ် မေသျှမ်းထမင်းဆိုင်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လမ်းလျှောက်သွားလာနေတဲ့ ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဆေးရုံအရောက်မှာ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးရုပ်အလောင်းနဲ့ ဒဏ်ရာရရှိခဲ့သူတွေကို နမ့်ဖတ်ကာ မေတ္တာရှင်လူမှုကူညီရေးအသင်းက ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အခုလ ၂၇ ရက်ကလည်း နမ့်ဖတ်ကာ ရပ်ကွက် ၄ ရှိ လူနေအိမ် ၂ လုံးအနီး စစ်ကောင်စီက ပစ်ခက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
Photo- နမ့်ဖတ်ကာ မေတ္တာရှင်လူမှုကူညီရေးအသင်း