“ဒီစစ်ဘေးရှောင်ကာလမှာ ကိုယ်ဝန်နဲ့ဆိုတော့ ပူပင်စိတ်တွေက ပိုများတာပေါ့။ ဒီမှာ လက်နက်ကြီးတွေက ခဏခဏထုနေတော့ ဘယ်အချိန်မှာထပြေးရဦးမလဲ၊ ခဏနေ မွေးနေရင်းနဲ့ ထပြေးရမလား၊ ဒါမှမဟုတ် တခုခု ဖြစ်သွားမလား စိုးရိမ်စိတ်တွေများနေရတာပေါ့”လို့ စိုးရိမ်နေသူကတော့ ကိုယ်ဝန် ၈ လလွယ်ထားတဲ့ မိခင်လောင်း မူကတ်သရင်းဖြစ်ပါတယ်။
သူဟာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ စစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်များစွာထဲက တဦးဖြစ်ပါတယ်။ သူ့အသက် အသက် ၂၀ ကျော်နဲ့ ပထမ ကိုယ်ဝန်လွယ်ထားရသူမို့ ကလေးမွေးဖွားနိုင်ရေး စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။
ကရင်နီ (ကယား) ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးတော့ ၂၀၂၁ ခု မေလ ကစပြီး ဒေသခံ ပြည်သူကာကွယ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် လူထုသိန်း ချီပြီး တောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာ အခုဆိုရင် ၂ နှစ်ကျော် ရှိလာပြီ ဖြစ်ပါတယ်။
ကရင်နီမှာ နေ့စဉ်လိုလိုဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်တွေက မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကရင်နီပြည်နယ် စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူတွေအပါအဝင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စိတ်မလုံခြုံမှုတွေ ခံစားနေရပါတယ်။
ဒါ့အပြင် စစ်ရှောင်လာတာ နှစ်ရှည်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ ပိုမိုပြင်းထန်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆေရုံဆေးခန်းပျက်စီးသွားတာ၊ အကူညီမရှိတော့လို့ အာဟာရချို့တက်နေတာ ဆေးဝါးမလုံလောက်မှုတွေကြောင့်လည်း အခက်အခဲများစွာ ရင်ဆိုင်နေကြရပါတယ်။
နောက်ထပ် ကိုယ်ဝန်ဆောင် ကရင်နီ အမျိုးသမီးက “ အခုချိန်ဆိုလည်း စားဝတ်နေရေး တအား ခက်ခဲလာတယ်။ အလှူရှင်တွေလည်း မလာနိုင်တော့ဘူး။ ဆေးဝါးတွေလည်းရဖို့ တအား ခက်တယ်။ဆေးရုံဆေးခန်းတွေလည်း သွားရဖို့ တအားဝေးတယ်။ ရှိတဲ့ ဆေးရုံဆေးခန်းတွေလည်း ဗုံးလာကြဲတာနဲ့ ဆေးဝါးမလုံလောက်တာနဲ့ ခက်ခဲတယ်။ အနာဂတ်မှာ အိမ်ပြန်ရဖို့ မျှော်လင့်တယ်။ မွေးခါနီးဆို အိမ်ပြန်ရင် ပိုပြီးကောင်းတယ်။ အခုလို တဲအောက်မှာပဲ မွေးရရင် အဆင်မပြေဘူး။ အိမ်ပြန်ရဖို့ပဲ မျှော်လင့်တယ်” လို့ မျှော်လင့်ချက်ကြီးစွာနဲ့ ပြောဆိုနေပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်း ၃၀ လောက်ကို ဆေးကုသမှုပေးနိုင်တဲ့ မုကယန်းဆေးခန်းကတော့ သူတို့ဆီမှာ တရက်ကို အနည်းသုံး ပြင်ပလူနာ သုံးလေးဆယ်က လာရောက်ကုသနေပြီး အဲဒီထဲမှာ ကိုယ်ဝန်ဆောင်တွေပါဝင်ပါတယ်။
မုကယန်းတာဝန်ရှိသူတဦးက ကိုယ်ဝန်ဆောင်မျိုးသမီးတွေအတွက် ကာကွယ်ဆေးထိုးရာမှာ အခက်အခဲဖြစ်ကြောင်းပြောပါတယ်။
“ကျမတို့ဆီမှာ ရိုးရိုးမေးခိုင်ကာကွယ်ဆေးပဲ ထိုးလို့ရမယ်။ ကလေးကော အမေရော ကာကွယ်နိုင်တဲ့ဆေးက လွိုင်ကော်အထိ သွားရတယ်။ တခါတလေ လွိုင်ကော်သွားဖို့ဆိုရင် ကျမတို့ တဖက်တလမ်းကနေ ကာဆီဖိုး တယောက် တသောင်း ကောက်မယ်။ ၁၀ ယောက်ရှိရင် ကားရှာပြီးတော့မှ ပို့ပေးတဲ့ဟာမျိုး လုပ်တာပေါ့နော်။ တချို့ကျတော့ လွိုင်ကော်လုံးဝ မသွားရဲဘူး ဆိုတော့ လုံးဝမထိုးရတဲ့ မိခင်တွေလည်း အများကြီးရှိတယ်။ နောက်တခု သူတို့ ဆေးရုံ ဆေးခန်းပြဖို့ ပိုက်ဆံမရှိတဲ့ကိစ္စတွေပေါ့နော်။ ကျမတို့ အနောက်ဘက်ခြမ်းမှာ လုပ်တဲ့ ဆေးခန်း တော်တော်များများတော့ FOC တွေများတယ်။ အလှူခံပုံးထားတယ်။ ထည့်နိုင်ရင် ငါးရာ၊ တထောင် ထည့်တယ်။ တချို့မထည့်နိုင်ရင်လည်း မထည့်ဘူးပေါ့။ ဒါပေမဲ့ သူတို့ စိုးရိမ်တာက အရင် အစိုးရတွေလိုမျိုး ပိုက်ဆံတအားကုန်တာလိုမျိုး စိုးရိမ်တယ်။ ပိုက်ဆံမရှိတဲ့အခါကျတော့ မသွားရဲ။ အဲဒီလိုမျိုးတွေလည်း ရှိတယ်။”
ဒါအပြင် ကိုယ်ဝန်ဆောင်မိခင်အတော်များများဟာ အာဟာရမပြည့်ဝလို့ ကိုယ်ဝန်ပျက်ကျတဲ့ သူတွေလည်း အများကြီးရှိကြောင်းလည်း မုကယန်းဆေးခန်း တာဝန်ရှိသူက ပြောပါတယ်။
“အာဟာရမပြည့်ဝလို့ ပျက်ကျဖြစ်သွားတဲ့လူတွေလည်း အများကြီးရှိတယ်။ ကျမသိရတဲ့ စခန်းတခုဆိုရင် သုံး လေးယောက်တော့ ဖြစ်သွားတာပေါ့နော်။ abortion (ပျက်ကျ) ဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့ရဲ့ အယူအဆက နယ်မြေအသစ်မို့လို၊ မြေမကောင်းလို့ အဲလိုဖြစ်တာဆိုတပြီး ဒါ သူတို့ အယူအဆပေါ့နော်။ ဒါပေမဲ့ ကျမက ပြောတယ်။ အရင်းခံက အဟာရချို့တဲ့တာလို့။ နံပါတ် ၂ ဆေးခန်းမပြတာ၊ ကိုယ်ဝန် စောင့်ရှောက်မှုမရှိပေါ့။”
မုကယန်းဆေးခန်းအနေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ရိုးရိုးမွေးခြင်းကို ကူညီနိုင်ပေမဲ့ ခွဲမွေးရမယ့်လူနာတွေအတွက် ဒီထက်ကောင်းမွန်တဲ့ ဆေးရုံဆေးခန်းတွေဆီ ပို့ဆောင်ပေးရ တာမျိုးလည်း ရှိပါတယ်။
“ကျမတို့ဆီမှာတော့ ရိုးရိုးမွေးတဲ့လူနာလောက်ကိုပဲ ကျမတို့က လုပ်ပေးလို့ရတာပေါ့နော်။ တကယ်လို့ ခွဲမွေးရမယ်ဆိုရင် တခါတလေ ဒေါယောက်ခူကိုလွှဲတယ်။ လွိုင်ကော်ကို လွှဲတယ်။ လမ်းခရီးကလည်း ကျမတို့ကားက လွိုင်ကော်အထိ သွားလို့မရတော့ ကျမတို့က လမ်းတဝက်၊ နောက်လမ်းတဝက်ကိုတော့ တခြား လူမှုကူညီရေးအဖွဲ့ပို့ပေးတယ်။ အဲလိုပဲ သွားတာပါနော်။”
ကရင်နီပြည်နယ်မှာ စစ်ရှောင်စခန်းတွေဆီကို စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေ ကြောင့် ကိုယ်ဝန်ဆောင်စစ်ရှောင် အမျိုးသမီးတွေဟာ မကြာခဏ ပြေးရလွှားရတဲ့ အခြေအနေတွေလည်း ကြုံနေရပါတယ်။
မွေးခါနီး နောက်ထပ် ကိုယ်ဆောင်အမျိုးသမီးတဦးကလည်း “ငွေရေးကြေးရေး အဆင်မပြေဘူး။ မွေးဖွားဖို့ ပိုက်ဆံတပြားမှ မရှိဘူး။ စားရသောက်ရ အဆင်မပြေဘူး။ မိုးကာအောက်မှာပဲ နေရတာ အဆင်မပြေဘူး။ ပြီးတော့ တိုက်လေယာဉ်တွေ လာတဲ့အခါ ပြေးရလွှားရတာ အဆင်မပြေဘူး။ တိုက်လေယာဉ်တွေ လက်နက်ကြီးသံ ကြားတဲ့အခါ အသက်ရှူရခက်တယ်။ အနာဂတ်မှာ သူတို့လေးတွေကို အိမ်မှာပဲ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ချင်တယ်။ စစ်ရှောင်ဘဝနဲ့ မပျိုးထောင်ချင်ဘူး” လို့ပြောပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးဗညားက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်နဲ့ ၂၀၂၃ ခု နှစ်ဆန်းပိုင်းလောက်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ၏ ထိတ်လန့်သေဆုံးတာ၊ ကိုယ်ဝန်ပျက်ကျတာအပြင် မွေးခါက ကလေးငယ်တွေ သေဆုံးသွားတာတွေ ရှိကြောင်း ပြောပါတယ်။
“ဒီးမော့ဆိုအရှေ့ခြမ်းမှာ ၂၀၂၃ စစချင်းမှာပေါ့နော် ကိုယ်ဝန်တော်တော်ပျက်ကျကြတယ်။ အဲတော့ သူတို့ရဲ့ စဉ်းစားချက်က လက်နက်ကြီးတွေ တအားကျတော့ တုန်ခါမှုတွေကြောင့်လို့ ပြောကြတာပေါ့နော်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေကြောင့် ကိုယ်ပျက်ကျနိုင်ခြေရှိတယ်ဆိုတာ ပြောတာတော့ကြားတယ်။ ဒါပေမဲ့ လူဦးရေ ဘယ်လောက်ထိဖြစ်သွားလဲဆိုတာတော့ ပြောရတာတော့ ခက်တယ်။ တခြားတဖက်မှာလည်း ကလေးတွေ သေဆုံးတာ၊ မွေးကင်းစကလေး သေဆုံးတာတွေ နောက်ပိုင်း သိပ်မကောက်တော့ဘူး။ ဟိုတလောကလည်း စစ်ဘေးရှောင်တဲ့ကလေး သေသွားတာတွေ၊ နောက်ထပ်တပတ်ကလည်း မွေးကင်းစကလေးပေါ့။ မွေးပြီးနောက်တရက် လက်နက်ကြီးကျတော့ ဆုံးသွားတာပေါ့။ မွေးခါစက ကောင်းတယ်။ နို့ သောက်တယ်။ ညပိုင်း လက်နက်ကြီးကျတော့ မနက်ပိုင်း ကလေးက လုံးဝကို နို့မသောက်တော့ဘဲ ဆုံးသွားတဲ့ဟာမျိုးတို့ အဲလိုမျိုးတွေရှိတယ်။”
ကရင်နီပြည်နယ်မှာ စစ်ရှောင်စခန်း ၂၀၀ ရှိပြီး စစ်ဘေးရှောင်ဦးရေ ၂၅၀,၀၀၀ ရှိကာ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေပါတယ်။
စစ်ဘေးရှောင်တွေကို လိုက်လံအားပေးနေတဲ့ ခရစ်ယာန်သာသာနာပြုဆရာမတဦးက စစ်ရှောင်သူတွေဟာ ဝမ်းနည်းတာ နာကျင်တာ၊ ဒေါဖြစ်စစ်တဲ့ စိတ်ပိုင်းဆိုင်ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေကြရကြောင်း ပြောပါတယ်။
“သူတို့တွေက ပြေးလွှားရင်းနဲ့ သူတို့ နေရာကို ပြန်ချင်တယ်။ သွားတဲ့အခါမှာ ငိုတယ်။ သူတို့နဲ့ငိုတယ်။ ကျမတို့လည်း ဘုရားပဲ တတ်နိုင်တယ်။ ဘုရားကို မျှော်လင့်ဖို့ တခုပဲရှိတယ်ဆိုတာ ဒါပဲ အားပေးနိုင်တယ်။ သူတို့အတွက် စားဖို့ တွေနည်းနည်းပါးပါးပေးပြီး အားပေးခဲ့ရတာပေါ့နော်။
သူတို့အခု စိတ်ပိုင်းဆိုင်ရာမှာလည်း အများကြီးရင်ဆိုင်နေရတာ။ အရမ်း ဝမ်းနည်းဖို့ကောင်းတယ်ပေါ့နော်။ စိတ်ဓာတ်ကျတယ်။ နာကျင်တယ်။ ဒီဝမ်းနည်းတာထက် နာကျင်တာက ပိုဆိုးတယ်။ အဲဒါဟာတွေ ပိုတွေ့ရတယ်။ အဲဒီထဲမှာ ကျမတို့တွေ့သွားတဲ့ မိသားစုတွေထဲမှာ စိတ်မမှန်တဲ့မိသားစုတွေရှိတယ်။ ငိုယိုခံစားရတဲ့ မိသားစုတွေရှိတယ်။”
လူဦးရေ ၃ သိန်းလောက်သာရှိတဲ့ ကရင်နီ(ကယား)ပြည်နယ်ဟာ စစ်အာဏာ သိမ်းပြီးနောက် ဖြစ်ပွားလာခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၂၅၀,၀၀၀ လောက်ဟာ ပြည်တွင်းဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်း ရှောင်နေကြရတာပါ။
ကရင်နီ (ကယား) ပြည်နယ်မှာ တနှစ်ကို လူသားချင်းစာနာမှုအကူအညီ အမေရိကန် ဒေါ်လာ တသန်းခွဲလောက် လိုအပ်နေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။
စစ်ဏာသိမ်းပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကရင်နီပြည်နယ် နေရာအနှံ့ တိုက်ပွဲတွေ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ကရင်နီအရပ်သားတွေ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆိုးရွားစွာ သက်ရောက်မှုရှိလို့ လူသားချင်းစာနာမှုအကူအညီ နည်းပါးမှုကြောင့်လည်း အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
လက်ရှိအချိန်အထိ ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်း ၂၀၀ ကျော်ရှိပြီး အရပ်သားပြည်သူ ၂၅၀,၀၀၀ လောက် အိုးအိမ်မဲ့ဖြစ်ခဲ့ရကာ အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာအဖွဲ့ရဲ့ စက်တင်ဘာလကုန်းက ထုတ်ပြန်တဲ့အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေဟာ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ပြောဆိုထားပါတယ်။