မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချသင့်တယ်လို့ ကစားသမားဟောင်းဖြစ်သူ ရွိုင်ကိန်းက ပြောသွားပါတယ်။
မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မန်ယူအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ အပြုအမူတွေဟာ လက်သင့်ခံနိုင်စရာမရှိဘဲ အသင်းခေါင်းဆောင်တယောက် ရှိသင့်တဲ့ အခြေအနေတွေနဲ့ ဆန့်ကျင်နေကြောင်းရွိုင်ကိန်းက ပြောပါတယ်။
“သူက အရည်အသွေးရှိတဲ့ ကစားသမားဆိုတာမှန်ပေမဲ့ မန်ချက်စတာဒါဘီမှာ မြင်တွေ့ခဲ့ရတဲ့ ပုံစံကတော့ အမြဲလို ညည်းညူနေပြီး သူ့လက်မောင်းတွေက တချိန်လုံးပဲ လေထဲမြှောက်နေတယ်။ အသင်းခေါင်းဆောင်ရာထူးအပြောင်းအလဲလုပ်တယ်ဆိုတာက ကြီးမားတဲ့ ဆုံးဖြတ်ချက်ဆိုပေမဲ့ သူက ရာထူးနဲ့လိုက်ဖက်တဲ့ပုံစံမှာရှိမနေပါဘူး။”
ဖာနန်ဒက်စ်ဟာ မန်စီးတီးကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
Photo-Reuters