ဆိုင်ကလုန်း “ဟမွန်း”(HAMOON)ဟာ အောက်တိုဘာ ၂၅ ရက်အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကို ကျော်ဖြတ်သွားရာမှာ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရာနဲ့ချီတဲ့ အိမ်တွေပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
မုန်တိုင်းအရှိန်ကြောင့် အိမ်ခြေရာပေါင်းများစွာရဲ့ ခေါင်မိုးသွပ်ပြားတွေ ပြုတ်ထွက်လွင့်ပါခဲ့ပြီး ထောင်နဲ့ချီတဲ့ သစ်ပင်တွေလည်း အမြစ်ကျွတ်ထွက် လဲပြိုကျခဲ့ပါတယ်။
ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တာပေါ်လင်စတွေ မိုးထားတဲ့ ဝါးတဲတွေလည်း ရာနဲ့ချီ ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားပါတယ်။
မုန်တိုင်း မဝင်ရောက်ခင်မှာ လူအများစုကို ကော့ဘဇားရှိ ဆိုင်ကလုန်း ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးထားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောခဲ့ပေမဲ့ စခန်းတွေဆီ မရောက်နိုင်တဲ့ မိသားစု အတော်များများဟာ ကောင်းကင်ဟင်းလင်းပြင်အောက်မှာ အိပ်ခဲ့ရပါတယ်။
မနေ့ မွန်းလွဲပိုင်းအထိ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်ချိတ်ဆက်မှုတွေ ပြတ်တောက်သွားပြီး မြို့တော်အနီးရှိ မြို့အများအပြားကို ဆက်သွယ်သွားရောက်နိုင်တဲ့ လမ်းတွေလည်း ပိတ်နေဆဲ ဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်မှာ အထူးသဖြင့် မုတ်သုံအကြိုနဲ့ နောက်ပိုင်းကာလတွေမှာ အဖြစ်များပါတယ်။
မနှစ်တုန်းက ဆိုင်ကလုန်း စီထရန်ဟာ အနီးနားရှိ စစ်တကောင်းခရိုင်ကို ဝင်ရောက်ခဲ့ရာမှာ မြေနိမ့်ကမ်းရိုးတန်းဒေသတွေကို ရေလွှမ်းမိုးခဲ့ပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
Source/Photo - Reuters