ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၃ ရက် ဒီမနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)ဟာ မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်ဘက် ရေမိုင် ၄၄၅ မိုင်ခန့်၊ သံတွဲမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၅၀ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင် ၄၁၀မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့ရဲ့ တောင်ဘက် ရေမိုင် ၂၁၅ မိုင်ခန့်၊ ဒီဂါမြို့ရဲ့ တောင်- အနောက်တောင်ဘက် ရေမိုင် ၃၀၀ ခန့်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့ရဲ့ တောင်- အနောက်တောင်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းပါတယ်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ၊ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့နဲ့ စစ်တကောင်းမြို့ကြားမှ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီမနက်မှ အောက်တိုဘာ ၂၅ ရက်အတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့ အပြားနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသမှာနေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေ အထိ ရှိနိုင်ပါတယ်။
မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်၊ မိုးကြီး၊ ရုတ်တရက်ရေကြီး မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့ အကြံပြုထားပါတယ်။
ဓာတ်ပုံ-မိုး/ဇလ