အိန္ဒိယနိုင်ငံ မြို့အများအပြားမှာရှိတဲ့ ကနေဒါကောင်စစ်ဝန်ရုံးတွေမှာ လူကိုယ်တိုင် လာရတဲ့ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းပြီး ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေ ရွှေ့ဆိုင်းထားမယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် ကနေဒါနိုင်ငံမှာ သွားရောက်ပညာသင်ချင်တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်၊ ချန်ဒီဂါမြို့က ကျောင်းသူကျောင်းသားတွေက စိုးရိမ်နေကြ ပါတယ်။
ဆစ်ခ်လူမျိုး ခွဲထွက်ရေးခေါင်းဆောင်တဦး ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ ကနေဒါ နှစ်နိုင်ငံကြား သံတမန်ရေးရာ အငြင်းပွားမှုတွေ နောက်ပိုင်းမှာ နှစ်နိုင်ငံလုံးက သံတမန်တွေကို အပြန်အလှန် နှင်ထုတ်ခဲ့အပြီး ခုလို အခြေအနေ ဖြစ်နေတာပါ။
အိန္ဒိယအစိုးရ သူလျှိုတွေနဲ့ ဆစ်ခ်လူမျိုး ခွဲထွက်ရေး ခေါင်းဆောင် ဟာဒိ(ပ်) ဆင်းဂ် နတ်ဂျား အသတ်ခံရမှုကြား ဆက်စပ်မှုရှိတယ်လို့ ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရှိတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒိုးက ပြောအပြီးမှာ သံတမန်ထားရှိမှုကို လျှော့ချဖို့ အိန္ဒိယ အစိုးရက ကနေဒါ အစိုးရကို ပြီးခဲ့တဲ့လက တောင်းဆိုခဲ့ ပါတယ်။
ကနေဒါကလည်း သံတမန် ၄၁ ဦးကို အိန္ဒိယကနေ ပြန်ခေါ်ခဲ့ပါတယ်။ ဇွန်လက ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ဆာရေးမြို့ရှိ ဆစ်ခ်ဘုရားကျောင်း အပြင်ဘက်မှာ ဆစ်ခ်ခွဲထွက်ရေး ခေါင်းဆောင် ပစ်သတ်ခံရမှုနဲ့ မပတ်သက်ဘူးလို့ အိန္ဒိယက ငြင်းဆိုထားပါတယ်။
အိန္ဒိယအစိုးရက အကြမ်းဖက်သမားလို့ တံဆိပ်ကပ်ထားတဲ့ ဆစ်ခ်လူမျိုး ကနေဒါနိုင်ငံသား အသက် ၄၅ နှစ်အရွယ် နတ်ဂျားကို သတ်ဖြတ်မှုနဲ့ အိန္ဒိယအစိုးရ သူလျှိုတို့ကြား ဆက်နွှယ်နေတယ်ဆိုတဲ့ ထရူဒိုးရဲ့ သံသယကို အဓိပ္ပာယ်မရှိဘူးလို့ ပြောရင်း အိန္ဒိယအစိုးရက ပယ်ချခဲ့ပါတယ်။
Source/Photo-Reuters