ရန်ကုန်၊ တာမွေမြို့နယ် ကျောက်မြောင်း ဓမ္မစိန္တာလမ်းနဲ့ နိဂြောဓလမ်းထောင့်ရှိ တိုက်အမှတ် ၁၅၊ ၈ လွှာမှာ နေထိုင်တဲ့ အမျိုးသမီးနှစ်ဦးကို အောက်တိုဘာ ၁၉ ရက် ညပိုင်းက အမည်မသိသူတဦးက သတ်ဖြတ်ခဲ့ပြီး ရွှေထည်ပစ္စည်းနဲ့ ငွေကြေးတချို့ကို ယူသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီကနေ့မနက်က ဓမ္မစိန္တာလမ်းနဲ့ နိဂြောဓလမ်းထောင့်ရှိ တိုက်အမှတ် ၁၅၊ ၈ လွှာမှာ နေထိုင်တဲ့ အမျိုးသမီးနှစ်ဦးကို မိသားစုဝင်တဦးက ဖုန်းဆက်လို့မရတဲ့အတွက် တိုက်ခန်းကို လာရောက်မှ လုယက်သတ်ဖြတ်ခံရတာကို သိတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူ့အစ်ကိုက သူ့ညီမဆီ ဖုန်းဆက်တာ မရလို့ တိုက်ခန်းအထိ လိုက်လာတာ၊ ဟိုရောက်တော့ တံခါးကပိတ်ထားတယ်။ တံခါးကိုဖျက်ပြီး ဝင်ကြည့်မှ အသတ်ခံထားရတာ သိတာ။ တဦးက အိမ်ရှေ့မှာသေနေတယ်၊ နောက်တဦးက ရေချိုးခန်းထဲမှာ သေနေတာ။ ရွှေတွေရော ပိုက်ဆံတွေရော ယူသွားတယ်လို့ ကြားတယ်။”
သေဆုံးသူ အမျိုးသမီးနှစ်ဦးမှာ အသက် ၅၀ အရွယ်ရှိ ဒေါ်မေရီတင်နဲ့ ဒေါ်မေစန္ဒာထွေး တို့ဖြစ်ပြီး အငြိမ်းစားကျောင်းဆရာမတွေဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဓမ္မစိန္တာလမ်းနဲ့ နိဂြောဓလမ်းထောင့်ရှိ တိုက်အမှတ် ၁၅၊ ၈ လွှာမှာ အမျိုးသမီးနှစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အမျိုးသားတဦးကို ဖမ်းဆီးထားတယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သေတာ အငြိမ်းစားကျောင်းဆရာမတွေ။ သတ်သွားတာက အိမ်မှာ ခေါင်မိုးလာပြင်တဲ့သူလို့ ပြောတယ်။ အခု ရဲစခန်းမှာ စစ်နေတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ပြစ်မှုကျူးလွန်ရာပါဝင်သူ အမျိုးသားတဦးကို ဖမ်းဆီးကာ တာမွေမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။