ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ နွားနောက်တွေ ခွာနာရောဂါ ဖြစ်ပွါးနေကြပြီး အကောင်ရေ အများအပြား ကူးစက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လကုန်ပိုင်းကတည်းက မတူပီမြို့ထဲနဲ့ အနီးဝန်းကျင်ကျေးရွာက နွားနောက်တွေ ခွာနာရောဂါ ဖြစ်ပွားနေကြပြီး ကုသပေးမယ့် တိရစ္ဆာန်ဆေးကု ဆရာဝန် မရှိတဲ့အတွက် သေဆုံးနေတာ အကောင် ၃၀ ကျော်ရှိပြီလို့ သိရပါတယ်။
နွားနောက်တွေဟာ ခွာနာရောဂါဖြစ်ပွားရင် အစာမစားနိုင်၊ လမ်းမသွားနိုင်တော့ဘဲ ပိန်လှီကာ သေဆုံးသွားလေ့ရှိသလို ခွာနာရောဂါကြောင့် သေဆုံးသွားတဲ့ နွားနောက်ကို အသားပေါ်စားရင်လည်း အရသာမရှိဘဲ ရောဂါကူးစက်စေတဲ့အတွက် အများစုက မြေမြှုပ်ပစ်ကြရပါတယ်။
ဒေသခံတဦးက “မိုးရာသီကုန်ခါနီးဆို အများဆုံးဖြစ်ကြတယ်။ မြို့နဲ့နီးတဲ့ရွာတွေမှာ အများဆုံးဖြစ်ပွားတယ်။တိရစ္ဆာန်ဆရာဝန်ကလည်း ရွာနားမှာမရှိဘူး။ မြို့ပေါ်က ဆရာဝန်ကိုလည်း စစ်တပ်ကြောက်တော့ သွားမခေါ်ရဲဘူး” လို့ ပြောပါတယ်။
မတူပီမြို့နယ်မှာ အသက် ၄ နှစ်အရွယ် နွားနောက်တကောင်ကို ကျပ်ငွေ ၁၅ သိန်းကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
အရင်က ကျွဲ၊ နွား၊ နွားနောက်တွေအတွက် ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးကို အစိုးရက အခမဲ့ထိုးပေးတာ၊ ပိုင်ရှင်ကိုယ်တိုင် ငွေကြေးပေးပြီး ထိုးနှံတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ဆေးမထိုးရတော့အတွက် နွားနောက်တွေ သေဆုံးရတာဖြစ်တယ်လို့ မတူပီဒေသခံတွေက ပြောပါတယ်။