ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး အလုပ်သမား ၃၀ ကျော် ငွေလိမ်လည်ခံရကာ လိမ်လည်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူတာမရှိဘူးလို့ ကိုယ်တိုင်ငွေလိမ်ခံလိုက်ရတဲ့ အလုပ်သမားတွေထံက သိရပါတယ်။
ရန်ကုန်မှာ ထိုင်းဘာသာသင်တန်းကျောင်း ဖွင့်လှစ်ထားတဲ့ ဒေါ်အေးကလျာ ဆိုသူ အမျိုးသမီးတဦးက မကွေးတိုင်းအတွင်းက အလုပ်သမားတွေဆီကနေ တဦးကို ကျပ် ၂၅ သိန်းကျော်စီ ငွေလိမ်လည်ရယူထားတာဖြစ်ပြီး အခုချိန်မှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်ငွေလိမ်ခံရသူတဦးက “ပိုက်ဆံက နှစ်လပိုင်းလောက်ကတည်းက သွင်းထားကြတာ၊ ငါးလပိုင်းလောက်မှ အလိမ်ခံရမှန်း သိတာ။ ငွေလိမ်ခံရလို့ တိုင်ကြားတာတွေလုပ်ပေမဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိဘူး”လို့ ပြောပါတယ်။
ဒေါ်အေးကလျာက အလုပ်သမားတွေကို ထိုင်းနိုင်ငံရှိ မုန့်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ငွေကို နှစ်သုတ် ပေးသွင်းစေခဲ့တာဖြစ်ပြီး အလုပ်သမားတဦးကို ကျပ် ၂၅ သိန်းကနေ သိန်း ၃၀ အထိ ရယူသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို လိမ်လည်ခံရသူ အယောက် ၃၀ ကျော်ရှိပေမယ့် အလုပ်သမား ၁၂ ဦးကပဲ အလုပ်သမားရုံး၊ ရဲစခန်းနဲ့ တရားရုံးတွေမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းစာသင်တန်းကျောင်းဟာ မူလက တာမွေမြို့နယ်မှာ ရုံးခန်းဖွင့်လှစ်ခဲ့ပြီး လိမ်လည်မှုဖြစ်ပြီးတဲ့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပင်လုံခန်းမနားကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်လို့ အလုပ်သမားတွေဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)ထံက သိရပါတယ်။
STUM တာဝန်ရှိသူတဦးက “လိမ်လည်တဲ့ အမျိုးသမီးနဲ့ မြောက်ဒဂုံမှာ သွားတွေ့တော့ ရဲစခန်းကို အကြောင်းကြားတယ်။ လိုက်ဖမ်းပေးဖို့ကို၊ သူတို့က လိုက်မလာတော့ လိမ်တဲ့သူ လွတ်သွားတယ်” လို့ ပြောပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ အလုပ်သမားစုဆောင်း ငွေလိမ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးနဲ့ ညွန်ကြားရေးမှူးချုပ်တို့ကို အလုပ်သမားတွေက တိုင်ကြားခဲ့ပေမဲ့ နစ်နာသူအလုပ်သမားတွေကိုယ်တိုင် သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုဖို့ စာနဲ့အကြောင်းပြန်ခဲ့တယ်လို့ ကာယကံရှင်အလုပ်သမားတွေက ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ မှာ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားရင် အဲဒီသူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒီလို အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်ကိုင်သူကို သက်ဆိုင်ရာအလုပ်သမားရုံးကနေ တရားစွဲဆိုရမှာဖြစ်ပေမဲ့ ကိုယ်တိုင်တရားစွဲဖို့ ပျက်ကွက်ပြီး အလုပ်သမားတွေကို လွှဲချတာဟာ မဖြစ်သင့်ဘူးလို့ STUM တာဝန်ရှိသူက ပြောပါတယ်။
ကာယကံ ရှင်လုပ်သားတဦးက “ပိုက်ဆံတွေက သူများဆီက ခုနှစ်ကျပ်တိုးနဲ့ သွင်းထားရတာ။ အခုဆို ရန်ကုန်မှာရတဲ့အလုပ် လုပ်ပြီးရတဲ့လစာကို အတိုးပဲ ထိုင်သွင်းနေရတယ်။ ကိုယ့်ပိုက်ဆံတွေ ပြန်ရချင်တာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာတော့ နစ်နာသူအလုပ်သမားတွေက ဒဂုံမြို့သစ်ခရိုင်တရားရုံးမှာ အမှု အမှတ် ၂၁၁/၂၀၂၃ တရားမအမှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ထိုင်းစာသင်တန်းကျောင်းနဲ့ ဒေါ်အေးကလျာကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။