Home
မြန်မာသတင်း
ဘီလူးချောင်းရေ မြင့်တက်လာသဖြင့် လွိုင်ကော်ဒေသခံများ နေရာရွှေ့ပြောင်း
DVB
·
October 19, 2023
BeeLin water flood_19102023
BeeLin water flood_02_19102023
BeeLin water flood_03_19102023
BeeLin water flood_04_19102023

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့က ဘီလူးချောင်းရေ မြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ရပ်ကွက်တချို့က ပြည်သူတွေဟာ အောက်တိုဘာ ၁၈ ရက်က နေရာရွှေ့ပြောင်း နေထိုင်နေရပါတယ်။

လွိုင်ကော် ဒေသခံတယောက်က “နမ်းကွတ်ရပ်ကွက်က လူတွေကတော့ အမျိုးရှိတဲ့ နေရာတွေ၊ အိမ်ငှားတာတွေ၊ တချို့လည်း ဘုန်းကြီးကျောင်းမှာ ပြောင်းနေကြတာရှိတယ်။ တချို့တွေဆို မရွှေ့သေးဘူး။ ​နေရတာ အဆင်မပြေတဲ့အိမ်တွေတော့ ရွှေ့ကြတာပေါ့။ လမ်းပေါ် ရေမကျော်သေးဘူး။ တချို့အိမ်တွေတော့ ရေက ဒူးခေါင်းလောက်ထိရှိမယ်။ တချို့က ခြေမျက်စိလောက်ပေါ့” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်က အောက်တိုဘာ ၁၈ ရက်က လွိုင်ကော်မြို့ရှိ ရပ်ကွက်တချို့မှာ ဘီလူးချောင်းရေ မြင့်တက်လာနိုင်တဲ့အတွက် ​ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ကြဖို့ လိုက်လံသတိပေးတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘီလူးချောင်းနံဘေးရှိ ရပ်ကွက်တွေကတော့ ဒေါဥခူ၊ စျေးပိုင်း၊ နမ်းကွတ်၊ မိုင်းလုံး၊ မှုံပြာ၊ ရှမ်းပိုင်း၊ ရွှေတောင်ကြား စတဲ့ရပ်ကွက်က ပြည်သူတချို့က နေရာရွှေ့ပြောင်းနေပြီး ပြည်သူတချို့ကတော့ နေအိမ်တွင်းရှိ ပစ္စည်းတွေ ရွှေ့ပြောင်းထားတာရှိတယ်လို့ သိရပါတယ်။

ရေဘေးကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက သက်ကြီးရွယ်အိုတချို့ကို နေရာရွှေ့ပြောင်းပေးတာတွေ၊ ဘုန်းကြီးကျောင်းနဲ့ အသိမိတ်ဆွေ နေအိမ်တွေကို ပို့ဆောင်ပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့နဲ့ မိုးဗြဲမြို့မှာ ရေမြင့်တက်လာမှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေရာရွှေ့ပြောင်းနေရပြီး စပါးစိုက်ခင်းတွေ၊ ပြောင်းခင်းတွေနဲ့ ကြက်ခြံတွေပါ ရေနစ်မြုပ်နေတာတွေရှိလို့ ဆုံးရှုံးမှုတွေ ကြီးမားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024