ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ထဲကို ဝင်ရောက်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသား တယောက်ကို အောက်တိုဘာ ၁၈ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က မြန်မာအာဏာပိုင်တွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီး ဆန်သောရီခါး၊ ဒုရဲမှူး ဆယာမ်ဖိုတီယာနဲ့ တာဝန်ရှိသူတွေက မူးယစ်ဆေးဝါးမှုနဲ့ မြန်မာပြည်က ဖမ်းဝရမ်းထုတ်ထားပြီး မဲဆောက်ကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးခဲ့ပြီး တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးကို လွှဲပြောင်းပေးခဲ့ပါတယ်။
ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံသားကို မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံ အာဏာပိုင်တွေထံ အောက်တိုဘာ ၁၈ ရက် မနက် ၉ နာရီခွဲက ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားသူကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အကြောင်းအရာကိုသာ ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးခဲ့တဲ့ အသေးစိတ်နဲ့ ဖမ်းဆီးခံရတဲ့သူအကြောင်းကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။
တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ စက်တင်ဘာလက တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
Photo-Tak Immigration