ပေါ်တူဂီပဉ္စမတန်းလိဂ်ပွဲစဉ်တခုမှာ ကစားသမားတဦးကို ဒိုင်လူကြီးက မြင်တွေ့ရခဲလှတဲ့ အဖြူကတ် ပြသခဲ့ပါတယ်။
အဲဒီကစားသမားဟာ အနိုင်ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့ပေမဲ့ ပြိုင်ဘက်နောက်ခံလူက ဒဏ်ရာကြောင့် လဲကျနေခဲ့တဲ့အတွက် ဂိုးမသွင်းတော့ဘဲ အားကစားသမားကောင်း တဦးရဲ့ စိတ်ဓာတ် ပြသခဲ့တာပါ။
ဒါကြောင့် ပေါ်တူဂီပြည်တွင်းမှာ ကျင့်သုံးနေတဲ့ စည်းမျဉ်းသစ်အရ အားကစားသမားကောင်းစိတ်ဓာတ် ပြသသူကို အဖြူကတ်ပြသပြီး အသိအမှတ်ပြုခဲ့တာလို့ သိရပါတယ်။
ဒဏ်ရာကြောင့် လဲကျခဲ့တဲ့ ကစားသမားဟာ ဆေးကုသမှု ပြုလုပ်ပြီးနောက် ပြန်လည်ကစားနိုင်ခဲ့ပြီး ဂိုးမသွင်းဘဲ Fair Play ပြုလုပ်ခဲ့တဲ့ ကစားသမားကို ပြိုင်ဘက်ကစားသမားတွေ အပါအဝင် ဒိုင်လူကြီးနဲ့ ပရိသတ်တွေက ဂုဏ်ပြု လက်ခုပ်တီးခဲ့ပါတယ်။
အဖြူကတ်ပြသမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စပို့တင်းနဲ့ ဘင်ဖီကာတို့ ကစားခဲ့တဲ့ ပေါ်တူဂီ အမျိုးသမီးလိဂ်မှာ အသုံးပြုခဲ့ပါသေးတယ်။
အဲဒီအချိန်မှာတော့ အရန်ကစားသမားတဦး နေမကောင်းဖြစ်နေတာကို နှစ်ဖက်အသင်းရဲ့ ဆေးအဖွဲ့တွေက ကူညီပေးခဲ့လို့ ဆေးအဖွဲ့ကို အဖြူကတ်ပြသခဲ့တာ ဖြစ်ပါတယ်။