ပြည်သူ့စစ်တွေကို စစ်ပညာသင်ပေးနေတဲ့ တောင်တွင်းကြီးမြို့အခြေစိုက် ၁၀၃ ခြေမြန်တပ်ရင်းက ဒုဗိုလ်မှူးကြီးတယောက် အောက်တိုဘာ ၁၃ ရက်က ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ တောင်တွင်းကြီးမြို့အခြေစိုက် အမှတ် ၁၀၃ ခြေမြန်တပ်ရင်းက ဒုတိယဗိုလ်မှူးကြီးသက်အောင်အောင်ဟာ အောက်တိုဘာ ၁၃ ရက်က စစ်ဆင်ရေးတခုမှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၄ ရက်က တပ်တွင်းမှာပဲ ရက်လည်ဆွမ်းသွပ်ခဲ့တယ်လို့ ခမရ ၁၀၃ နဲ့နီးစပ်သူတယောက်က ဒီဗွီဘီ ကို ပြောပါတယ်။
"ရှေ့တန်းမှာ ကျတယ်လို့လည်းပြောတယ်။ ကချင်ပြည်နယ်ဘက်မှာ ၁၃ ရက်က ကျတာ။ အလယ်ပိုင်းစစ်ဌာနချုပ်က လာအကြောင်းကြားတာ" လို့ ပြောပါတယ်။
အဲဒီ ဒုဗိုလ်မှူးကြီးဟာ ကချင်ပြည်နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲမှာ ပစ်ခတ် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပြီး ရုပ်အလောင်းမပါဘဲ အမှတ် ၁၀၃ ခြေမြန်တပ်ရင်းမှာ ရက်လည်ဆွမ်းသွပ်လုပ်ရတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သူသေဆုံးချိန်မှာ ဇနီးဖြစ်သူ မအိအိသူဟန်ထွန်းနဲ့ သမီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပြီး သေဆုံးသူ ဒုတိယဗိုလ်မှူးကြီးသက်အောင်အောင်ဟာ အမှတ် ၁၀၃ ခြေမြန်တပ်ရင်းကဖြစ်ပြီး အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်ရဲ့ ရွေ့လျားတိုက်ခိုက်တပ်ခွဲက ဦးဆောင်သူ တယောက်လည်း ဖြစ်ပါတယ်။
အမှတ် ၁၀၃ ခြေမြန်တပ်ရင်းအပါအဝင် ခြေလျင်၊ ခြေမြန်တပ်ရင်း ၁၀ ရင်းကို အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်က ဗိုလ်မှူးချုပ်စိုးထွဋ်က ဦးဆောင်တာဖြစ်ပါတယ်။