ပြင်သစ်နိုင်ငံမြောက်ပိုင်း အားရာစ်မြို့ရှိ ကျောင်းတကျောင်းမှာ အောက်တိုဘာ ၁၃ ရက်က ဓားနဲ့တိုက်ခိုက်မှုတခုအတွင်း ဆရာ တဦး သေဆုံးသွားပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ ပြီးနောက်မှာ စုံစမ်းစစ်ဆေးရေးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အစိုးရရှေ့နေရုံးကို လွှဲပြောင်းခဲ့ပါတယ်။
သံသယရှိသူကို ဖမ်းဆီးထားပေမယ့် အားရာစ်မြို့လယ်ကို ရှောင်ရှားကြဖို့ ပါး-ဒေ-ကားလေး ဒေသအာဏာပိုင်တွေက မြို့ခံတွေကို တိုက်တွန်းထားပါတယ်။
အဖမ်းခံရတဲ့ သံသယရှိသူမှာ ရုရှားနွယ်ဖွား ချက်ချန် တဦးဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ လီစီး ဂေါဘေတာ အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတဦးဖြစ်တယ်လို့ ရဲသတင်းရင်းမြ တခုက ပြောပါတယ်။
သူဟာ လုံခြုံရေးအန္တရာယ် အလားအလာရှိတဲ့ လူတွေကို စောင့်ကြည့်တဲ့ 'Fiche S' ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ နာမည်စာရင်းထဲမှာ ပါဝင်နေတယ် လို့လည်း ဆိုပါတယ်။
တိုက်ခိုက်သူရဲ့ ညီအစ်ကို တဦးကိုလည်း အနီးနားမှာ ထိန်းသိမ်းထားပါတယ်။ သေဆုံးသူဟာ ပြင်သစ်ဘာသာစကား ဆရာတဦးဖြစ်ပြီး အားကစားဆရာမတဦးလည်း ဓားနဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ BFM TV က ဆိုပါတယ်။ ကျောင်းသားတွေကို သူတို့ရဲ့စာသင်ခန်းတွေထဲမှာပဲ နေခိုင်းထားပါတယ်။
သံသယရှိသူဟာ အလ္လာသာ အကြီးမြတ်ဆုံး လို့ အဓိပ္ပာယ်ရတဲ့ “အလ္လာဟူ အက္ကဘာ ” ဆိုပြီး ကြွေးကြော်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေက အစီရင်ခံကြပေမယ့် ရဲတပ်ဖွဲ့ကတော့ အတည် မပြုနိုင်ပါဘူး။
အခု ဓားနဲ့တိုက်ခိုက်မှုဟာ အစ္စရေးနဲ့ ဟားမတ်စ် လှုပ်ရှားမှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိကို ချက်ခြင်း မပြောနိုင်သေးကြောင်း ဒုတိယရဲ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ရက်စက်ရိုင်းစိုင်းတဲ့ အစ္စလာမ္မစ်အကြမ်းဖက်ဝါဒရဲ့ ရလဒ်ဖြစ်တယ် လို့ ပြင်သစ် သမ္မတ အီမန်နျူယယ် မက်ခွန်းက အောက်တိုဘာ ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သွေးအိုင်ထဲမှာ ဖုံးအုပ်ထားဆဲဖြစ်တဲ့ သေဆုံးသွားသူ ဆရာရဲ့ အလောင်းကို ဂါရဝ ပြုပြီးနောက်မှာ သမ္မတ မက်ခွန်းက အသတ်ခံရတဲ့ ဆရာဟာ တခြားသူတွေကို အကာအကွယ်ပေးဖို့ ရှေ့ကို ရောက်လာခဲ့တာ ဖြစ်ပြီး လူပေါင်းများစွာကို ကယ်တင်ပေးခဲ့တာ လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က သမ္မတ မက်ခွန်းက နိုင်ငံတော်မိန့်ခွန်း ပြောကြားရာမှာ ပြင်သစ်နိုင်ငံကို စည်းလုံး ညီညွတ်စွာနေထိုင်ကြဖို့နဲ့ အစ္စရေး-ဟားမတ်စ်ပဋိပက္ခကို နိုင်ငံတွင်းကို သယ်ဆောင်ခြင်းကနေ ရှောင်ကြဉ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပညာရေးဝန်ကြီး ဂယ်ဘရီယဲ လက်တာလ်က ပြင်သစ်နိုင်ငံတဝှမ်းရှိ စာသင်ကျောင်းတွေမှာ လုံခြုံရေးကို အားဖြည့်ပေးမယ် လို့ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters