ပဲခူးမြို့မှာ ရေကြီးလို့ ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက် တိမ်းရှောင်နေရသူတွေရဲ့ အိမ်တွေ ဖောက်ထွင်းခိုးယူခံရတယ်လို့ မြို့ခံတွေ၊ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်
အောက်တိုဘာ ၇ ရက်ကစပြီး ပဲခူးမှာ ထူးထူးကဲကဲရေကြီးနေတာကြောင့် ရေဘေးတိမ်းရှောင်နေရသူ ၄ သောင်းကျော်လောက်ဟာ အိမ်တွေကိုပိတ်ပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ၄ ရက်လောက်သွားနေခဲ့ကြရပါတယ်။
ကျွန်းသာယာရပ်ကွက်မှာ နေထိုင်သူတယောက်က “အနိမ့်ပိုင်းရပ်ကွက်က လူတော်တော်များများ ရှောင်ကြရတယ်။ ရေက တအားကို တက်လာလို့လေ။ အိမ်စောင့်တွေဘာတွေလည်း မထားခဲ့နိုင်ဘူး။ အသက်အန္တရာယ်ရှိတော့လည်း အကုန်ရှောင်ကြရတာ။ ရေကျပြီး အိမ်ပြန်ရောက်တော့ ဆိုင်ကယ် ၂ စီးနဲ့ လျှပ်စစ်ပစ္စည်းတွေ မရှိတော့ဘူး။ ရဲစခန်းကိုတော့ အကြောင်းကြားထားတယ်။ ဘာမှတော့ မထူးသေးပါဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာ ရေပြန်ကျသွားလို့ တိမ်ရှောင်နေသူတွေဟာ အိမ်တွေကိုပြန်ရောက်မှာ စက်ဘီး၊ ဆိုင်ကယ်နဲ့ တန်ဖိုးရှိတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အခိုးခံရတယ်ဆိုတာ သိခဲ့ရတာပါ။
ပဲခူးမြို့ရဲတပ်ဖွဲ့နဲ့ ရင်းနှီးသူတယောက်က “ဆိုင်ကယ် အခိုးခံရလို့ စခန်းမှာလာတိုင်တာ အမှု ၂၀ ကျော်လောက်ရှိသွားပြီ။ အခုထက် များဖို့ပဲရှိတယ်။ ပြေးကကြရတဲ့ သူသတွေကလည်း ရေတက်တာမြန်တော့ တန်ဖိုးရှိ ရွှေနဲ့ ငွေလောက်ပဲ ယူသွားနိုင်တာလေ။ သူခိုးတွေက ရေကြီးတဲ့ရက်တွေမှာ ညဘက် လှေနဲ့ဝင်ပြီး ခိုးတာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ပဲခူးမြို့၊ ဂရုဏာတွဲလက်အသင်းက ကိုသာပို@Naing Htoo Aung လို့ စာသားကပ်ထားတဲ့ လှေ တစင်းဟာ မဟာမညိုင် ရပ်ကွက်ထဲမှာ အခိုးခံခဲ့ရတယ်လို့ သိရပါတယ်။