ဘရာဇီးရဲ့ အမေဇုန်တောမီးတွေကနေ ထူထပ်သိပ်သည်းတဲ့ မီးခိုးလုံးတွေဟာ ဒေသမြို့တော် မာနောက်စ်ကို ဖုံးလွှမ်းနေပြီး လေထုဟာ အသက်ရှူမရအောင်ဖြစ်နေပြီး နှာရည်ကျကာ လည်ချောင်းတွေ နာကျင်နေတယ်လို့ ဒေသခံတွေက ညည်းညူကြပါတယ်။
အဲဒီ လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက အများစုဟာ တရားမဝင် မီးရှို့ထားကြတာ လို့လည်း ဆိုပါတယ်။
မီးခိုးမြူတွေဟာ မြို့တဝိုက်နဲ့ မြို့ပြဧရိယာအတွင်းကနေ ထွက်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပြီး စိုက်ပျိုးရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးအတွက် ခွင့်ပြုချက် ပါမစ်မရှိဘဲ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းဖို့ တမင်တကာ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရတဲ့ဒေသမှာ စံချိန်တင် မြင့်မားလွန်းတဲ့ အပူချိန်နဲ့အတူ အလွန်ခြောက်သွေ့နေတဲ့ အခြေအနေတွေကြောင့် မီးလောင်ကျွမ်းမှုနဲ့ မီးကူးစက်မှုကို ကူညီပေးသလို ဖြစ်ခဲ့ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲဒီဒေသဟာ အယ်နီညိုရာသီဥတု ဖြစ်စဉ်ရဲ့ ဖိအားသက်ရောက်နေပြီး အမေဇုန် မြောက်ပိုင်းရှိ မိုးရေချိန်ကလည်း သမိုင်းဝင် ပျမ်းမျှအမှတ်အောက်ကို နိမ့်ကျနေပါတယ်။
အမေဇုန်အတွင်းကို စီးဝင်တဲ့ မြစ်တွေနဲ့ မြစ်လက်တက်တွေဟာ စံချိန်တင်အဆင့်နီးပါးလောက်ကို ကျဆင်းသွားခဲ့ပါတယ်။
Source/Photo-Reuters