ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီက ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ရဲ့ပထမအဆင့်၊ ပထမအကျော့ပွဲစဉ်မှာ မြန်မာလက်ရွေးစင် ဘောလုံးအသင်းက မကာအိုအသင်းကို ၅ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာနဲ့ မကာအိုအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမှာ ပွဲချိန် ပထမပိုင်းပွဲပြီးခါနီး ၄၃ မိနစ်မှာ မြန်မာအသင်းအတွက် ပထမဆုံးအဖွင့်ဂိုးကို လွင်မိုးအောင်က သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ မြန်မာက ၁ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စချိန်မှာ မကာအိုအသင်းအတွက် ချေပဂိုးကို မကာအိုတိုက်စစ်မှူး နီကီတော်ရာအို က ပွဲချိန် ၅၅ မိနစ်မှာ သွင်းယူနိုင်ခဲ့ပြီး မြန်မာအသင်းအတွက် ဒုတိယ အနိုင်ဂိုး ကို ၆၂ မိနစ်မှာ နောက်တန်းကစားသမား စိုးမိုးကျော်က ဂိုးသွင်းခဲ့ပါတယ်။။
မြန်မာအသင်း လူအပြောင်းအလဲလုပ်ပြီးနောက် ပွဲချိန် ၈၁ မိနစ်မှာ အောင်ကောင်းမာန်က တတိယ မြောက်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သလို ၊ မိနစ် ၉၀ မှာ နေမိုးနိုင်တို့က ဂိုးဧရိယာအစပ်ကနေ အပြင်းကန်သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်း အချိန်ပို ၄ မိနစ်မှာ လွင်မိုးအောင်က နောက်ထပ် ၁ ဂိုး သွင်းယူခဲ့ကာ မြန်မာအသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပထမကျော့ပွဲစဉ်မှာ အနိုင်ရရှိထားတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဒုတိယအကျော့ပွဲအတွက် မကာအိုကို ကြိုတင်ထွက်ခွာမှာ ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်မှာ မကာအိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။
Photo-MFF