အေအိုင်အေဌာနချုပ် လိုင်ဇာမြို့နားက မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရတာနဲ့ တချိန်တည်းမှာပဲ လိုင်ဇာမှာရှိတဲ့ ရက္ခိုင့်တပ်တော် အေအေရဲ့ တပ်စခန်းတခုကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရက္ခိုင့်တပ်တော်က တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အေအေအပါအဝင် တအာင်းနဲ့ ကိုးကန့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ထုတ်ပြန် ကြေညာလာတာဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးနဲ့ အဖက်ဖက်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့ကိုမထောက်ခံတဲ့ ပြည်သူတွေအပေါ် အငြိုးအတေး အာဃာတကြီးကြီးထားပြီး လက်နက်ကြီးတွေ၊ လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ တရားလက်လွတ် သတ်ဖြတ်နေတာတွေကို နိုင်ငံအနှံ့တွေ့နေရတယ်လို့ ဆိုပါတယ်။
ဒီလို မိုက်တွင်းနက်နက်နဲ့ ဆိုးဆိုးဝါးဝါး စစ်ရာဇဝတ်မှုကျူးလွန်ခံရပြီး သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့ က အင်မတန်ဝမ်းနည်းကြေကွဲရပြီး တရားမျှတမှုနဲ့ အမှန်တရားရရှိရေးတို့အတွက် ကချင်ပြည်သူလူထု၊ ကချင်လွတ်လပ်ရေး အဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) တို့နဲ့အတူ တသွေးတည်း တသားတည်းရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အေအိုင်အေဌာနချုပ် လိုင်ဇာမြို့နားက မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ အချိန်နဲ့တပြေးညီ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဟန့်တားအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆို တိုက်တွန်းထားပါတယ်။
အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်မှာ စစ်ရှောင်စခန်းကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လူပေါင်း ၂၉ ယောက်သေဆုံး၊ ၅၆ ယောက် ဒဏ်ရရာရတယ်လို့ ကေအိုင်အေရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ဒီဗွီဘီကို ပြောထားပါတယ်။