အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က အမေရိကန်ရဲ့ အထောက်အပံ့ကိုပြဖို့ အစ္စရေးနိုင်ငံဆီ စစ်သင်္ဘောတွေ အမြောက်အမြားနဲ့ လေယာဉ်အများအပြားကို စေလွှတ်ပေးမယ်လို့ အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။
ဟားမတ်စ်ရဲ့ နောက်ဆုံးတိုက်ခိုက်မှုဟာ အစ္စရေးနဲ့ ဆော်ဒီအာရေဗျ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေး အလားအလာကို နှောင့်ယှက်ဖို့ လှုံ့ဆော်ခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန်အစိုးရက ယုံကြည်ထားပါတယ်။
ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးမြို့တွေကို စီးနင်းခဲ့တာကြောင့် ဆယ်စုနှစ်များစွာ အတွင်း သွေးထွက်သံယို အဆိုးရွားဆုံးနေ့ကို စနေနေ့က ကြုံတွေ့ခဲ့ရပါတယ်။
တနင်္လာမနက်ထိ ဖြစ်ပွားနေဆဲ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေက အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကြီးတခု စတင်မယ့် အလားအလာအဖြစ် ခြိမ်းခြောက်နေတာပါ။
အမေရိကန်က အစ္စရေးကို ခဲယမ်းတွေ ပံ့ပိုးပေးမယ်လို့ အော်စတင်က ပြောခဲ့ပြီး လုံခြုံရေးဆိုင်ရာ အကူအညီတွေကို တနင်္ဂနွေနေ့မှာ စမယ်လို့ ပြောပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကလည်း ဒေသတွင်းမှာ တိုက်လေယာဉ်တွေ ထပ်ဖြည့်မယ်လို့ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ထပ်လောင်းအကူအညီတွေ အစ္စရေးနိုင်ငံဆီ လာနေပြီး လာမယ့်ရက်တွေအတွင်း နောက်ထပ် ဆောင်ရွက်ဦးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အောက်တိုဘာ ၈ ရက်မှာ ပြောခဲ့ပါတယ်။
Ford လေယာဉ်တင်သင်္ဘောနဲ့ အရန်သင်္ဘောတွေ အပါအဝင် တိုက်ခိုက်ရေး ရေယာဉ်စုကို အစ္စရေးနဲ့နီးရာဆီ ရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့တယ်လို့ အော်စတင်က ပြောပါတယ်။
ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က ယွန်းမ်ကစ်ပါ စစ်ပွဲမှာ ဆုံးရှုံးသွားခဲ့တဲ့ နယ်မြေတွေကို ပြန်ရရေး ကြိုးပမ်းမှုမှာ အီဂျစ်နဲ့ ဆီးရီးယားက ရုတ်တရက် ထိုးစစ်ဆင်ပြီးတဲ့နောက် အစ္စရေးနိုင်ငံအတွင်း အကြီးမားဆုံးနဲ့ အသေအပျောက်အများဆုံး ကျူးကျော်တိုက်ခိုက်မှု ဖြစ်လာပါတယ်။
Source/Photo-Reuters