Home
မြန်မာသတင်း
ပဲခူး ရထားလမ်း ရေကျော်မှုကြောင့် ရထားစီး ခရီးသည်များကို မော်တော်ယာဉ်များဖြင့် ပို့ဆောင်
DVB
·
October 9, 2023
BagoWaterFlood_TrainToBus_01_09102023
BagoWaterFlood_TrainToBus_02_09102023
BagoWaterFlood_TrainToBus_03_09102023
BagoWaterFlood_TrainToBus_04_09102023
BagoWaterFlood_TrainToBus_05_09102023

ပဲခူးတိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းရေကျော်ခဲ့တာကြောင့် အောက်တိုဘာ ၈ ရက်က မန္တလေးနဲ့ မော်လမြိုင်တို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အမြန်လူစီးရထားနှစ်စင်းပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေကို ရန်ကုန်ဘူတာကြီးထိ မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

မနေ့မနက်စောပိုင်းကစပြီး ပဲခူးတိုင်းရှိ ဇောင်းတူဆည်နဲ့ ကဒူကွင်းဆည်က ရေပိုလွှဲရေကျော် စီးဆင်းလာတဲ့အတွက် ပဲခူးမြို့နယ်၊ ပဲခူးဘူတာနဲ့ ရွှေလှေဘူတာကြား၊ မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျား ပေ ၅ဝဝ လောက်မှာ သံလမ်းပေါ် ရေ ၁၈ လက်မလောက် ကျော်တက်နေပြီး ရထားဖြတ်သန်းလို့ မရတာကြောင့် လူစီးအမြန်ရထားနှစ်စင်း ခေတ္တရပ်နားထားခဲ့ရတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရထားလမ်းရေကျော်ခဲ့လို့ မန္တလေးကမနက် ၈ နာရီမှာ ထွက်ခွာလာတဲ့ အမှတ် (၄) အစုန် လူစီး အမြန်ရထားနဲ့ မော်လမြိုင်က ထွက်ခွာလာတဲ့ အမှတ်(၈၂)အစုန် လူစီးအမြန်ရထားနှစ်စင်းမှာ ပျဉ်ပုံကြီးဘူတာနဲ့ ဝေါဘူတာမှာ နေ့လည် ၂ နာရီခွဲလောက်က အသီးသီးရောက်ရှိခဲ့ပြီး ရေပြန်ကျမယ့်အချိန်ကို စောင့်ဆိုင်းခဲ့ကြတယ်လို့ မီးရထားတာဝန်ရှိသူတဦးက ပြောပါတယ်။

"ရေက ရထားလမ်းဖုံးနေတော့ ဆက်မောင်းလို့ အဆင်မပြေတာနဲ့ ရပ်ခဲ့တာပါ။ ပျဉ်ပုံကြီးဘူတာက ခရီးသည် ၂၂၅ ဦးနဲ့ ဝေါဘူတာက ခရီးသည် ၅၇၀ ဦးတို့ကို စုစုပေါင်းမော်တော်ယာဥ် ၁၅ စီးနဲ့  ရန်ကုန်ဘူတာကြီးထိ ပို့ဆောင်ပေးခဲ့ပါတယ်" လို့ ပြောပါတယ်။

လက်ရှိအခြေအနေအရ ရထားဖြတ်သန်းသွားလာနိုင်ခြင်း မရှိတာကြောင့် ရန်ကုန်နဲ့ မန္တလေးကိုစတင်ထွက်ခွာမယ့်  အစုန်/အဆန် အမြန်ရထား ၄ စင်းရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပြီး မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေတဲ့ အမှတ် (၈၂) အစုန်ရထားခရီးစဥ်ကိုလည်း အောက်တိုဘာလ ၉ ရက်မှာ ယာယီဖျက်သိမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024