စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို စစ်ကောင်စီက အောက်တိုဘာ ၃ ရက်က စတင်ကာ ညအချိန်တွေ လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖမ်းတာကလည်းဗျာ သူခိုးဖမ်း၊ ဓားပြဖမ်း ဖမ်းတာ။ ဘယ်ယူနီဖောင်းမှမပါဘူး၊ အရပ်ဝတ်တွေနဲ့ လာဖမ်းကြတာ၊ ဖမ်းဝရမ်းလည်းမပါဘူး။ အိမ်ရှေ့ရောက်တာနဲ့ ဝန်းထရံတွေ၊ တံခါးပေါက်တွေ အကုန် ခြေထောက်တွေနဲ့ ကန်ကြောက်ပြီး ဝင်လာတာ။ သူခိုးဓားပြတွေ ကျနေတာပဲ” လို့ တန်ဆည်မြို့ဒေသခံတဦးက ပြောပါတယ်။
အောက်တိုဘာ ၄ ရက်က ဒေသခံ ၃ ဦးနဲ့ အောက်တိုဘာ ၆ ရက် ညမှာ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီး တန့်ဆည်မြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၉ ဦးလုံးဟာ တန့်ဆည်မြို့ ပေါ်ဦးရပ်ကွက်နဲ့ ရွှေ ဘုံကျောင်းအနီးမှာနေတဲ့သူတွေဖြစ်ပြီး ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။
တန့်ဆည်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နေ့စဉ်လိုလို ပြုလုပ်နေကြတာပါ။
ခုလို ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး တန့်ဆည်မြို့နယ်ပင်မသပိတ်စစ်ကြောင်း ခေါင်းဆောင်တဦးက “တန့်ဆည်လို့သာ ခေါင်းစဥ်တပ်ထားတာပါ။ မြို့ပေါ်က လူတွေကတော့ လုံးဝမပါပါဘူး။ လုံခြုံဘေးကင်းတဲ့ နေရာမျိုးမှာသာ ကျနော်တို့ လက်ရှိဆန္ဒပြ လူထုဟောပြောပွဲတွေ လုပ်နေကြတာပါ။ အခု အဖမ်းခံရတယ်ဆိုတဲ့လူတွေက ဆန္ဒပြနေကြတဲ့ လူငယ်တွေတော့ တယောက်မှ မပါပါဘူး။ သပိတ်လူငယ်တွေကတော့ ဘေးကင်းလုံခြုံစွာနဲ့ ရှိနေပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးတိုင်တွေ ကျိုးကျပျက်စီးသွားလို့ဆိုပြီး တန်ဆည်မြို့မှာ အောက်တိုဘာ ၅ ရက်ကစတင်ကာ ဒီနေ့အထိ လျှပ်စစ်မီးလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။