တနင်္သာရီတိုင်း၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ အမှတ် ၁ ဆိပ်ခံတံတားမှာ အမျိုးသားတယောက်ကို အောက်တိုဘာ ၆ ရက် မနက် ၃ နာရီခွဲလောက်မှာ ပျူစောထီးတွေက ကင်းလှည့်ရင်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရပ်ကွက်နေသူတယောက်က “ပျူစောထီးတွေက ဘေးတွဲပေါ်မှာအိပ်နေတဲ့ ဝန်ထမ်းကို သေနတ်နဲ့ ၂ ချက်ပစ်သွားတာပါ။ အလောင်းကိုတော့ စစ်ဆေးရုံကိုယူသွားတယ်။ ပစ်တဲ့သူက တလိုင်းစုရပ်ကွက်က ပျူစောထီး ထွန်းထွန်းစိုးလို့ခေါ်တယ်” လို့ ပြောပါတယ်။
သေဆုံးသူ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးဝတုတ် ခေါ် ဦးပျောသီးပုတ်ဟာ အမှတ် ၁ ဆိပ်ခံတံတားမှာ ပင်လယ်လှေအဝင်အထွက်အားလုံးကို စာရင်းမှတ်ပေးပြီး တံတားသော့ကိုင်ဝန်ထမ်း ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်ကလည်း “လယ်ကူလီသမားတွေ၊ တက္ကစီသမားတွေ တံတားနားမှာ မုန့်ရောင်းနေတဲ့သူတွေ အားလုံးက ဦးပျောသီးပုတ်လို့ ခေါ်ကြတယ်။ ဦးပျောသီးပုတ်က လူချစ်လူခင်ပေါပါတယ်။ ရန်မဖြစ်တတ်ဘူး။ အခုလို ပစ်သတ်ခံရတော့ သူ့အမျိုးသမီး၊ အသက် ၁၆ နှစ်အရွယ် သားတယောက်နဲ့ သမီး ၂ ယောက်ပဲ ကျန်တော့တယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်သွားသူ ပျူစောထီး ထွန်းထွန်းစိုးကို စစ်ကောင်စီက အောက်တိုဘာ ၆ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ပြောဆိုနေကြပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။