မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းက ပေါင်မြို့နယ်နဲ့ ဘီးလင်းမြို့နယ်ထဲက ဒေသခံ ၅ ဦးကို လူမှုကွန်ရက် စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်စာတွေဖြန့်ဝေတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အောက်တိုဘာ ၄ ရက်မှာ ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံရေးလှုံ့ဆော်စာဖြန့်ဝေမှုနဲ့ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာက စောရာဇာမင် (၂၀ နှစ်)၊ ချစ်သူပိုင် (၃၃ နှစ်)၊ အောင်မင်းထွေး (၂၂ နှစ်၊ ကျွဲခြံကျေးရွာက မအေးနီနီအောင် (၂၂ နှစ်) နဲ့ ဘီးလင်းမြို့နယ် အလူးကျေးရွာက မင်းထွန်းမြတ်အောင် (၂၅ နှစ်) တို့ကို သက်ဆိုင်ရာရဲစခန်းတွေက ဖမ်းဆီးသွားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာပါ။
ဥတ္တံတားကျေးရွာဒေသခံတဦးက "ကျနော်တို့ရွာမှာ ဘာကပ်ဆိုက်နေလဲမသိဘူး။ နယ်ထိန်းတယောက် သေလို့ဆိုပြီး လူတွေမနည်းဘူး ဖမ်းသွားတယ်။ အခုလည်း facebook သုံးလို့ဆိုလား မသိဘူး မနေ့တုန်းက ထပ်ဖမ်းသွားတယ်။ နောက်ဆို အိမ်ထဲကနေ အပြင်ထွက်ဖို့တောင် ကြောက်နေရပြီ" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေကို အကြည်ညိုပျက်စေတဲ့ စာသားတွေကို ရေးသားဖြန့်ဝေခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ ပေါင်နယ်မြေရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ (သို့) အစိုးရယန္တရားတွေ ပျက်ပြားစေဖို့ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ အပါအဝင် လူမှုကွန်ရက်တွေကတဆင့် နည်းမျိုးစုံနဲ့ပြုလုပ်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသား ၁ ဦးနဲ့ ဆိုင်အလုပ်သမား အမျိုးသား ၂ ဦးကိုလည်း လူမှုကွန်ရက် စာမျက်နှာပေါ် နိုင်ငံရေး လှုံ့ဆော်စာသားတွေ ဖြန့်ဝေခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သံဖြူဇရပ်မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ် - ၅၀၅ (က)နဲ့ အမှုဖွင့်အရေးယူခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။