ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက မဲဆောက်မြို့ရှိ တရားမဝင်နိုင်ငံသားတွေရှိရာ နေရာတွေကို ဒီနေ့မနက် ၈ နာရီလောက်မှာ စီမံချက်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး တရားဝင် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို လက်ရှိမှာ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အဆောက်အဦမှာ ထိန်းသိမ်းထားပြီး နိုင်ငံအတွင်း တရားဝင် အထောက်အထား စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာလမှာ ကြေညာခဲ့ပြိီးနောက် တလအတွင်း မြန်မာနိုင်ငံသား အယောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
Photo-Tak Immigration