ထိုင်းနိုင်ငံ၊ သီရိဆွန်သွန်ခရိုင်မှာ မြန်မာနိုင်ငံသားတဦးကို WY စာတန်းပါ စိတ်ကြွဆေးပြား ၁,၁၃၀ နဲ့အတူ အောက်တိုဘာ ၃ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတခုဖြစ်တဲ့ Khaophuket မှာဖော်ပြထားပါတယ်။
သီရိဆွန်သွန်ခရိုင် အမှတ် ၄ ကျေးရွာအနီးမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ဟင်မွန်ဟာ WY စာတန်းပါ စိတ်ကြွဆေးပြားတွေ ရောင်းချနေတယ်လို့ သတင်းရရှိတဲ့အတွက် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ မြန်မာနိုင်ငံသားကို ဆေးရောင်းချထားတဲ့ ဘတ်ငွေ ၂,၅၀၀၊ စိတ်ကြွဆေးပြား ၁,၁၃၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာနိုင်ငံသား ဟင်မွန်ဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို WY စိတ်ကြွဆေးပြား တပြား ဘတ် ၄၀ နဲ့ တကြိမ်ကို ၅ ပြားမှ ၁၀ ပြားအထိ ရောင်းချပေးနေတယ်လို့ ဝန်ခံခဲ့ပါတယ်။
သာလန်ရဲမှူးကြီး ဝစ်သူချိုင်းက “သူက ရပ်ကွက်ထဲမှာ လူငယ်တွေကို မူးယစ်ဆေးဝါးတွေ ဖြန့်နေတာ။ ပြီးတော့ ထိုင်းနိုင်ငံထဲကိုလည်း တရားဝင်အထောက်အထား စာရွက်တွေနဲ့ ဝင်လာခဲ့တာ မဟုတ်ဘူး။ ရပ်ကွက်ထဲကသူတွေက မခံနိုင်တော့လို့ သတင်းပေးလို့ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်။ သူ့ကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိခဲ့တာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားကို ခွင့်ပြုချက်မရှိဘဲ တရားမဝင်နေထိုင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတို့အတွက် တရားစွဲဆိုခဲ့ပါတယ်။