ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းတခုမှာ Arakan Rohingya Salvation Army-ARSA ခေါင်းဆောင် အတာအူလ္လာရဲ့ လက်ထောက်အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူး တာဝန် ယူထားသူကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်-၁၅ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်-၁၅ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ RAB -15 က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂ ရက် မနက်အစောပိုင်း ၁ နာရီလောက်က ကော့ဇ်ဘဇားခရိုင်၊ အူခီးယားမြို့နယ်၊ ကူတူပါလောင်ဒုက္ခသည်စခန်းကနေ အာဆာခေါင်းဆောင်ရဲ့ အတွင်းရေးမှူးနဲ့ဘဏ္ဍာရေးမှူးဖြစ်သူ မိုဟာမက်အေရှ(ခ)နိုမန်ချောင်ဒူရီ ထွက်ပြေးစဥ်မှာ ဖမ်းဆီးရမိလိုက်တာလို့ ဖမ်းဆီးရာမှာ ပါဝင်တဲ့ RAB -15 က ခေါင်းဆောင်တဦးက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် မိုဟာမက်အေရှဟာ ၂ဝ၂၂ ခုနှစ်တုန်းက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မြန်မာဘက်ခြမ်း တောင်ပြိုမြို့နယ်ခွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထောက်လှမ်းရေးတပ်ဖွဲ့က အရာရှိတဦးကို သတ်ဖြတ်ထားတဲ့အမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလိုရှိနေသူတဦးဖြစ်ပါတယ်။ ဖမ်းဆီးရမိပြီး စစ်ဆေးရာမှာတော့ သူဟာ အာဆာအဖွဲ့ခေါင်းဆောင်ရဲ့ အတွင်းရေးမှူးအဖြစ်တင်မက ဘဏ္ဍာရေးမှူးအဖြစ်ပါ ပါဝင်လှုပ်ရှားနေတာလို့ RAB-15 ခေါင်းဆောင်က ဆိုပါတယ်။
အာဆာတပ်ဖွဲ့အတွက် ထောက်ပံ့တဲ့ တရားမဝင်လမ်းကြောင်းတွေကို သူက အဓိကစီစဥ်တာဖြစ်ပြီး အာဆာအဖွဲ့မှာ အဓိကလိုအပ်တဲ့ မိုင်း၊ လက်နက်ခဲယမ်းတွေနဲ့ စစ်ဝတ်တန်ဆာတွေကို ဝယ်ယူပေးခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာဘက်ခြမ်း တောင်ပြိုမြို့နယ်ခွဲမှာ နေထိုင်သူ ချာဘိအာရ်မက်ရဲ့သား ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ အာဆာအဖွဲ့ရဲ့ ထိပ်ပိုင်းတာဝန်ရှိသူကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ်လို အပြစ်ပေး အရေးယူမယ် ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
Source/Photo-RAB-15 & Dhaka Tribune