မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးကနေ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၉ ယောက်ကို အောက်တိုဘာ ၃ ရက် မနက်က နယ်စပ်ကနေ တဖက်နိုင်ငံကို ပြန်လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
ဒီနေ့မနက်က မောင်တောနယ်စပ် POE ဝင်/ထွက်စခန်းကနေ ဘင်္ဂလားဒေ့ရှ် အစိုးရထံ လွှဲပြောင်းပေးအပ်လိုက်တာလို့ မြန်မာဘက်က တာဝန်ရှိသူတဦးက ပြောပါတယ်။
“လွတ်ငြိမ်းခွင့်နဲ့ ထောင်အသီးသီးက လွတ်လာကြတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉၈ ဦးရှိတယ်။ ဒီအထဲက ၂၉ ဦးကို ဒီနေ့ မနက်က POE ဝင်/ထွက်စခန်းမှာ ဘင်္ဂလားဒေ့ရှ် အစိုးရဘက် လွဲပြောင်းပေးခဲ့ကြတာ။”
အကျဥ်းထောင်အသီးသီးကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် ၃ ကြိမ်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၈ ဦးရှိနေပြီး ဒီအထဲက စိစစ်ပြီးစီးသူ ၂၉ ဦးကို တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက လက်ခံခဲ့တာပါ။
ကျန် ၁၆၉ ဦးကတော့ ဘူးသီးတောင်အကျဥ်းထောင်မှာ ကျန်ရှိနေပြီး ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ ခွင့်မပြုချက်ရပြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ် မဟုတ်သွား ရောက်စစ်ဆေးရမှာ ဖြစ်တယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။
“ဘူးသီးတောင်ထောင်မှာ ကျန်နေတဲ့လူတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဟုတ်၊ မဟုတ် စစ်ဆေးရဦးမယ်။ အဓိက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ID ကတ် ပြနိုင်မှ ဘင်္ဂလားနိုင်ငံသားအဖြစ် အသိအမှတ်ပြုမှာပါ။ ယူအန်က ထုတ်ပေးတဲ့ ID ကတ်တွေနဲ့ အကျုံးမဝင်ပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်မပြုသေးလို့ မစစ်ဆေးရသေးဘူး” လို့ ဆိုပါတယ်။
လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ ၂၀၁၇ အကြမ်းဖက် ဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံမှထွက်ပြေးသွားကြသူတွေ၊ မွတ်ဆလင်တွေနဲ့အတူ မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်ရာကနေ ဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။